Home
မြန်မာသတင်း
မန္တလေးငလျင်ဒဏ်သင့်ပြည်သူများ ဓားပြရန်ကို ကြောက်လန့်နေရ
DVB
·
April 12, 2025
Photo - မန္တလေးမြို့ခံ
Photo - မန္တလေးမြို့ခံ
Photo - မန္တလေးမြို့ခံ
Photo - မန္တလေးမြို့ခံ
Photo - မန္တလေးမြို့ခံ
Photo - မန္တလေးမြို့ခံ
Photo - မန္တလေးမြို့ခံ
Photo - မန္တလေးမြို့ခံ

ငလျင်ဒဏ်ကိုအကြီးအကျယ်ခံစားခဲ့ရတဲ့ မန္တလေးမြို့ကပြည်သူတွေဟာ ဓားပြတွေနဲ့ မျက်နှာဖုံးစွပ် လက်နက်ကိုင် အနုကြမ်းစီးတဲ့လူတွေရဲ့ ဘေးရန်ကို စိုးရိမ်ကြောက်လန့် နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဧပြီ ၁၀ ရက်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊  ဒေါနဘွားရပ်ကွက်၊ ၅၈ G လမ်း၊ ၁၀ F လမ်းနဲ့ ၁၀ E လမ်းကြားမှာရှိတဲ့ မိုးမန္တလေးရွှေဆိုင်ကို မွန်းလွဲ ၂ နာရီခွဲဝန်းကျင်မှာ ဓားပြတိုက်ခံခဲ့ရသလို ဧပြီ ၅ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်မှာလည်း စစ်ကိုင်း-မြစ်ငယ် ကားလမ်းပေါ် ဆင်ရွာမြင်းမူကျေးရွာက အထည်ဆိုင်တဆိုင် ဓားပြတိုက်ခံခဲ့ရပါသေးတယ်။

မဟာအောင်မြေမြို့နယ် ငလျင်ဒဏ်သင့်ပြည်သူတယောက်က “ကျနော်တို့မြို့နယ်ထဲမှာက အိမ်တွေပြိုတဲ့သူတွေနဲ့ အိမ်တွေမပြိုပေမယ့်လည်း အိမ်တွေထဲမှာ မအိပ်ရဲကြတဲ့သူတွေက အခုထိ လမ်းတွေနဲ့ကွင်းပြင်နေမှာနေနေကြရတုန်းပဲ။ အပူဒဏ်ခံနိုင်ဖို့ ယာယီအမိုးတွေတော့ ရှိကြတာပေါ့။ ဒါပေမဲ့လည်း အကာအရံတွေဘာတွေမရှိကြဘူး။ တချို့နေရာတွေက ညပိုင်းတွေမှာဆို အတော်လေးမှောင်နေသေးတယ်။ အဲ့ဒါတွေကို အခွင့်ကောင်းယူပြီးတော့ ညပိုင်းတွေမှာ မျက်နှာဖုံးစွပ်ဓားတွေကိုင်ထားတဲ့လူစုတွေက ဓားပြတိုက်မလိုလို၊ အနုကြမ်းစီးမလိုလိုလုပ်တာတွေ ခဏခဏဖြစ်နေလို့ လမ်းဘေးမှာ နေနေကြတဲ့ပြည်သူတွေ အခက်အခဲတွေဖြစ်နေကြတယ်။ ကိုယ်ထူကိုယ်ထပဲ အလှည့်ကျကင်းစောင့်ပြီး အိပ်ကြရတာ။ ပြည်သူတွေလုံခြုံရေးအတွက် စစ်သားနဲ့ရဲက ဘာမှအသုံးမဝင်သလိုဘဲ” လို့ ပြောပါတယ်။

ဧပြီ ၅ ရက် ည ၉ နာရီဝန်းကျင်ကလည်း မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ဧသုခ၊ ၄၁ လမ်းနဲ့ ၉၁ လမ်းကြားမှာ မျက်နှာဖုံးစွပ်ဓားတွေကိုင်ထားတဲ့လူတစုက ဓားပြတိုက်အနုကြမ်းစီးဖို့ ကြိုးစားခဲ့လို့ ပြည်သူတွေဝိုင်းဝန်းရောက်ရှိလာကြလို့ ထွက်ပြေးသွားကြတယ်လို့လည်း မြို့ခံက ဆက်ပြောပါတယ်။

မန္တလေးမှာ မတ် ၂၈ ရက်က ငလျင်အပြင်းအထန်လှုပ်ခတ်ခဲ့လို့ လူနေအိမ်တွေနဲ့ တခြားအဆောက်အအုံအတွေအပြားပြိုကျခဲ့ပြီးနောက်ပိုင်း ညပိုင်းတွေမှာ မသမာတဲ့လူစုတွေက အဆောက်အအုံအပြိုအပျက်တွေထဲကပစ္စည်းတွေကို ခိုးယူသယ်ဆောင်ကြပါတယ်။

မန္တလေးအခြေစိုက် ပရဟိတအဖွဲ့ဝင်တယောက်က“ဒုက္ခရောက်ကြတဲ့ ပြည်သူတွေဆီကနေ ခိုးတာတွေ၊ ဓားပြတိုက်သလိုသလို အနုကြမ်းစီးသလိုလိုလုပ်တာတွေကတော့ နေ့တိုင်းလောက်နီးနီး မြင်နေရတာပဲ။ ညပိုင်းတွေမှာအဖြစ်များတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့က ကျနော်တို့နဲ့ မဆိုင်ဘူးလေ။ ရဲနဲ့ပဲဆိုင်တဲ့ကိစ္စ။ ကျနော်တို့ဝင်ပြောလို့ ကျနော်တို့ အသက်အန္တရာယ်ကို ရန်ရှာလာရင် ဘယ်လိုလုပ်မလဲ။ ဘယ်လိုမြင်လဲဆိုတော့ ငလျင်လှုပ်ပြီးကတည်းက မြို့ပေါ်မှာ စစ်တပ်လက်ကိုင်တုတ် ပျူစောထီးတွေမမြင်ရတော့တာဘဲ။ ပြည်သူတွေကို ကူညီတဲ့အထဲတွေမှာလည်း မတွေ့မိဘူး။ အဲဒါကတော့ထူးခြားတယ်ဗျ”လို့ ပြောပါတယ်။

ဒါတွေနဲ့ပတ်သက်ပြီး မန္တလေးတိုင်းရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးနိုင်ဦးကျော်ဆီကို DVB က ဖုန်းနဲ့ဆက်သွယ်ခဲ့ရာမှာ တခြားအရေးကြီးကိစ္စတွေရှိနေလို့ အဲဒီကိစ္စတွေစုံစမ်းနေဆဲဖြစ်တယ် လို့ပဲ ပြန်လည်ဖြေကြားခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013