
မန္တလေးမြို့မှာ ရေသန့်မရရှိနိုင်သေးဘဲ ထုံးဓာတ်များတဲ့ရေကိုပဲ သုံးရေရော သောက်ရေအဖြစ်ပါ အသုံးပြုနေရတာကြောင့် ရေကို မဖြစ်မနေ ကျိုချက်သောက်ဖို့လိုကြောင်း ဆရာဝန်တွေက သတိပေးပါတယ်။
ငလျင်ဒဏ်ကို ကြီးကြီးမားမား ထိခိုက်ခံစားလိုက်ရတဲ့ မန္တလေးမြို့မှာ ငလျင်လှုပ်ခတ်အပြီး ၁၃ ရက်အကြာထိ ရေသန့်မရရှိနိုင်သေးဘဲ အဝီစိတွင်းရေကိုပဲ သုံးရေအဖြစ်ရော သောက်ရေအဖြစ်ပါ အသုံးပြုနေကြရတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
ငလျင်လှုပ်ခတ်ပြီးနောက် အဆောက်အအုံတွေ ပြိုကျခဲ့မှုမှာ ရေသန့်စက်ရုံတွေလည်း ပါဝင်ပြီး လက်ရှိအချိန်မှာတော့ ထုံးဓာတ်များတဲ့ရေကိုပဲ သောက်သုံးနေကြရတယ်လို့ မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ်နေ ပြည်သူတယောက်က ပြောပါတယ်။
“ရပ်ကွက်ထဲက ဘုန်းကြီးကျောင်းတွေက ပေးနေတဲ့ သောက်ဖို့အတွက် အဝီစိရေကတော့ ထုံးဓာတ်များနေတယ် ထင်တယ်။ ရေနွေးကျိုလိုက်ရင် အောက်ခြေမှာ အဖြူအနှစ်တွေ အနယ်ထိုင်တာ တော်တော်များများ တွေ့ရတယ်။ ကျနော်တို့ရပ်ကွက်က မီးကတော့ လာနေတာ ၂ ရက် ၃ ရက်လောက်ရှိပြီ၊ ရေကတော့ လုံးဝမလာသေးဘူး။ သုံးဖို့ရေ ချိုးဖို့ရေကိုတော့ အဝီစိတွင်းထဲမှာ ရတယ်။ ရေသန့်ကတော့ သူတို့စက်ရုံကလည်း လုံးဝပြိုသွားတာဆိုတော့ ရေသန့်ကားကတော့ လုံးဝမလာတော့ဘူး။ အဲဒီဘုန်းကြီးကျောင်းကပေးတဲ့ အဝီစိရေကိုပဲ သောက်ရင် သောက်လို့ရတယ်ပြောလို့ ရပ်ကွက်ထဲမှာလည်း အဲဒီရေကိုပဲ သောက်နေကြတာပဲ။”
ရေသန့် လီတာ ၂၀ တဘူးကို ၁,၂၀၀ ကျပ်နဲ့ ဝယ်ယူလို့ရပေမဲ့ လေးငါးရက်တခါမှ လာရောင်းတာဖြစ်လို့ ရေသန့် ဝယ်ယူသောက်သုံးဖို့လည်း ခက်ခဲကြောင်း ဆက်ပြောပါတယ်။
ငလျင်လှုပ်ခတ်ပြီးနောက် ပြိုပျက်တဲ့ အဆောက်အအုံတွေအောက်မှာ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေက ကျန်ရှိနေသေးတဲ့ အခြေအနေ ဖြစ်သလို မန္တလေးမှာ မိုးရွာသွန်းခဲ့တာကြောင့် ဒေသခံတွေက ရေသန့်သောက်သုံးရေရရှိဖို့ လိုလားနေတာ ဖြစ်ပါတယ်။
ရေမသန့်ရှင်းမှုကြောင့် နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ ရောဂါတွေကို ကာကွယ်ဖို့ ရေကို မဖြစ်မနေ ကျိုချက်သောက်သုံးသင့်ကြောင်း CDM ဆရာဝန်တယောက်က အကြံပြုပါတယ်။
“ရေမှာတော့ သောက်သုံးဖို့အတွက် ထုတ်ထားတဲ့ ရေမဟုတ်ရင်တော့ တနည်းမဟုတ် တနည်းတော့ သန့်ဖို့ လိုတာပေါ့နော်၊ ကျန်းမာရေးအရ။ အခု ထုံးဓာတ်များတဲ့ရေက လက်ရှိအခြေအနေမှာ အန္တရာယ်ရှိတယ်လို့ ပြောလို့မရသေးဘူးပေါ့နော်။ ကျနော်တို့ အဓိက ပြောရမှာ ရေထဲမှာပါတဲ့ ဝမ်းပျက် ဝမ်းလျှောတွေကို အဓိကထားရမှာပေါ့။ အကောင်းဆုံးကတော့ ရေကို ကျိုချက်သောက်လိုက်၊ လောလောဆယ် ကျန်းမာရေးအတွက် ယာယီမှာ စိတ်အချရဆုံးပဲပေါ့။ ထုံးဓာတ်တွေကိုမှ ပိုပြီး သန့်ရှင်းချင်ရင် ကျိုချက်ပြီးသားရေကိုပါ filter (ရေစစ်) ကောင်းကောင်းနဲ့ ပြန်ခံရမှာပေါ့။ ဒါကတော့ ပစ္စည်းရနိုင် မရနိုင်ပေါ် မူတည်ပြီးတော့ ကွာခြားဦးမှာပေါ့။ အကြမ်းဖျင်းကတော့ ထုံးဓာတ်တွေဆိုတာထက် ရေထဲက ကူးစက်ပိုးမွှားတွေ သေအောင် ကျိုချက်သောက်ရင်ကို အန္တရာယ်ကင်းပါပြီ။”
အလှူရှင်တွေ အနေနဲ့ကတော့ ရေသန့်ဘူးတွေ လာရောက်လှူဒါန်းနေတာမျိုး ရှိပေမဲ့ စစ်ကောင်စီရဲ့ ကန့်သတ်ချုပ်ချယ်မှုတွေနဲ့ အုပ်ချုပ်ရေးမှူးတွေရဲ့ စီမံခန့်ခွဲမှု အားနည်းချက်တွေကြောင့် လိုအပ်တဲ့နေရာတွေဆီ ရောက်ရှိနိုင်ဖို့ကလည်း အားနည်းချက်တွေ ရှိနေပါတယ်။
ငလျင်လှုပ်ခတ်ပြီး ၁၂ ရက် ဧပြီ ၉ ရက်အထိ သေဆုံးသူ စုစုပေါင်း ၄,၃၄၆ ယောက်၊ ထိခိုက်ဒဏ်ရာရရှိသူ ၇,၈၃၀ ယောက်၊ ပျောက်ဆုံးနေသူ ၂၁၀ နဲ့ ကယ်ဆယ်ရရှိသူ ၆၅၃ ယောက် ရှိပြီလို့ DVB Data Team က ကောက်ယူစုဆောင်းထားတဲ့ စာရင်းတွေအရ သိရပါတယ်။
ဝေဝေ