Home
မြန်မာသတင်း
ငလျင်ဒဏ်သင့် မန္တလေးတွင် တကယ်ဒုက္ခရောက်နေသူများကိုသာ ကူညီပေးကြရန် တိုက်တွန်း
DVB
·
April 10, 2025

ငလျင်ဒဏ်သင့်တဲ့ မန္တလေးမှာ တကယ်ဒုက္ခရောက်နေတဲ့သူတွေဆီ အကူအညီတွေရောက်ဖို့  အလှူရှင်တွေအနေနဲ့ မြေပြင်ကွင်းဆင်းပြီးမှ ထိထိရောက်ရောက် လှူဒါန်းဖို့ လှူမှုကူညီရေးအသင်းတွေနဲ့ ပရဟိတအဖွဲ့တွေက တိုက်တွန်းထားပါတယ်။ 

စစ်ကိုင်းကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့နယ် ၇ မြို့နယ်က နေအိမ်၊ အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။ မြေငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၂၇၈၈ ယောက် ရှိခဲ့ပြီး နေအိမ်၊ အဆောက်အအုံ ၄၄၂၂ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဆက်လက်ပြီး ရှင်းလင်းရေးတွေ လုပ်ဆောင်နေပါတယ်။

လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က “တကယ် လောဘသားတွေချည်းပဲ။ မျက်စိထဲမှာတော့ မျက်စိဆံပင်မွေးစူးတာပေါ့။ တနေကုန် တနေခန်း တောင်းတဲ့သူက သတ်သတ်။  အဲဒါမျိုးက ရှိသေးတယ်။ တကယ်လိုတဲ့လူက တကယ် အိမ်ပြိုသွားတယ်၊  တကယ်ဒုက္ခရောက်နေ တဲ့သူက သူ့သောကနဲ့သူ ငုပ်တုတ်ထိုင်ပြီးတော့ သူတို့ဘဝကို ရှေ့ဘယ်လိုဆက်သွားရမလဲ ထိုင်စဉ်းစားနေတာ။ လာလှူတယ်၊ လမ်းပေါ်မှာ မဆိုင်တဲ့သူက တန်းပြီးယူတယ်။ လိုအပ်တဲ့သူဆီ မရောက်ဘူး။ အားရပါးရတော့ လာလှူကြတယ်။ တကယ် လိုအပ်နေတဲ့ အိမ်တွေဆီကို မရောက်ဘူး” လို့ ပြောပါတယ်။

အလှူရှင်တွေအနေနဲ့ လိုအပ်တဲ့ နေရာတွေ မရောက်ဘဲ လှူဒါန်းနေတာတွေကြောင့် ထိထိရောက် ရောက် လှူဒါန်းစေချင်တယ်လို့ မြေပြင်မှာ ပရဟိတလုပ်ဆောင်နေသူတွေက တိုက်တွန်းထားပါတယ်။

ဓူဝံနန်းကုမ္ပဏီမှ ဒေါ်အေသင်ကိုက “အလှူရှင်တွေ များစွာလာကြတယ်။ ကျမက မြေပြင်ဆင်းနေတဲ့သူဆိုတော့ မြင်နေရတယ်။ ဘာကို မြင်ရလဲဆိုတော့ မလိုအပ်တဲ့သူတွေပါ အလှူငွေရနေတာ။ ဒါတွေနဲ့ ပတ်သက်ပြီးတော့  လိုအပ်နေတဲ့ နေရာတွေမှာ ထိထိရောက်ရောက် လှူဒါန်းစေချင်တယ်။ မြင်နေရတော့ အများကြီး မပြောချင်ဘူး။ တကယ်ကို လိုအပ်တဲ့ နေရာတွေမှာ မရောက်ဘဲနဲ့ ဒါကြီးကို လှူနေတာကြီးကတော့ အဆင်မပြေဘူး” လို့ ပြောပါတယ်။

အလှူရှင်တွေအနေနဲ့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့  မြေပြင် စာရင်းကောက်ယူပြီး ထိထိမိမိ လှူစေချင်တယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က “အခုက ပြန်လည်ထူထောင်ရေးကာလ ရောက်သွားပြီ။ ကယ်ဆယ်ရေးက ပြီးသွားပြီ။ တော်တော်များများက ငွေပဲ လိုတော့တာလေ။ အလှူရှင်တွေအနေနဲ့ သက်ဆိုင်ရာ အာဏာပိုင် မြို့ပေါ်က အဖွဲ့အစည်းတွေနဲ့ ထိထိမိမိ လှူစေချင်တယ်။ တကယ်ဖြစ်တဲ့ အိမ်တွေကို မြေပြင်ဆင်း စာရင်းကောက်။ စာရင်းကောက်တဲ့နေရာမှာလည်း ငါ့အမျိုးအိမ်မို့လို့တို့၊ အမေ အဖေ အိမ်မို့လို့ မဖြစ်ဘဲနဲ့ မထည့်စေချင်ဘူး” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက် ၄၃၄၆ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ ၇၈၃၀ ယောက်၊ ပျောက်ဆုံးအယောက် ၂၁၀ နဲ့ ကယ်ဆယ်ရရှိထားသူ ၆၅၃ ယောက် ရှိပြီလို့ DVB က ဧပြီလ ၉ ရက်နေ့ ညနေ ၅ နာရီအထိ စုစည်းရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013