Home
မြန်မာသတင်း
မိုးကုတ်တွင် TNLA နှင့် ဓားပြအဖွဲ့ ပစ်ခတ်မှုဖြစ်၊ ဓားပြ ၂ ဦး ဖမ်းမိ
DVB
·
June 26, 2025

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ ရွှေဘုံသာရပ်ကွက်မှာ ဇွန် ၂၅ ရက် ည ၁၂ နာရီဝန်းကျင်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့က ဓားပြတွေကို လိုက်လံဖမ်းဆီးရာက ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဓားပြ ၂ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ TNLA က ပြောပါတယ်။

TNLA ပြောရေးဆိုခွင့်ရှိသူ လွေး​ယေဦးက “ပြည်သူလူထုရဲ့ တာဝန်သိ သတင်းပေးချက်အရ ကျမတို့ စောင့်ဆိုင်းပြီး ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဓားပြတွေဆီမှာလည်း သေနတ်တွေရှိတယ်၊ သူတို့ဘက်က အရင်စပစ်တာကြောင့် ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်” လို့ ပြောပါတယ်။

အရှင်ဖမ်းဆီးရမိတဲ့ ဓားပြတွေဆီကနေ ပစ္စတို ၄ လက်၊ လက်နက်ခဲယမ်းတွေနဲ့ TNLA ယူနီဖောင်းကိုလည်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

နှစ်ဖက်ပစ်ခတ်မှုကြောင့် ဓားပြ ၂ ယောက် ဒဏ်ရာရခဲ့တဲ့အပြင် TNLA ရဲတယောက်လည်း ထိခိုက်မိခဲ့တယ်လို့ ပြောပါတယ်။

ရပ်ကွက်နေသူတယောက်က “ဓားပြတွေက ရပ်ကွက်ထဲမှာ တွင်းလုပ်တယ်ဆိုပြီး အိမ်ငှားပြီး လာနေတာ။ သူတို့ကိုဖမ်းတော့ ဓားပြတွေက ဗုံးတွေ၊ သေနတ်တွေရှိနေတော့ ပစ်ကြတာ၊ ည ၁၂ လောက်ကနေ မနက် ၈ နာရီအထိ ပစ်ကြတာ၊ မိုးကုတ်တမြို့လုံးကို ပတ်မွှေနေတာ ဒီကောင်တွေပဲ” လို့ ပြောပါတယ်။

ဖြစ်စဥ်သိရှိသူ အမျိုးသားတယောက်ကလည်း “ညက တညလုံး မအိပ်ရဘူး။ ကျနော်တို့အိမ်နဲ့ နီးတယ်။ ကျည်တွေဆိုတာ အိမ်ကိုတောင်လာစင်တယ်။ ခေါင်မိုးတွေလည်း ရစရာမရှိတော့ဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၂ ရက် မနက်ကလည်း မိုးကုတ်မြို့ သဒွတ်လျိုကျေးရွာအုပ်စု တောင်တွန်းရွာက နေအိမ်တအိမ်ကို TNLA အယောင်ဆောင်ထားသူ ၃ ယောက် ဓားပြတိုက်တာကြောင့် ငွေသား ၁၀ သိန်းနဲ့ ရွှေလက်ဝတ်ရတနာတချို့ ပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးကုတ်မြို့ ကိုးလံကျေးရွာမှာလည်း ဇွန် ၂၂ ရက်ညက ဧည့်စာရင်းစစ်မယ်ဆိုပြီး လက်နက်ကိုင်ထားသူ ၄ ယောက် ဓားပြတိုက်တာကြောင့် ငွေ ၇ သိန်း၊ ဆိုင်ကယ်နဲ့ လက်ဝတ်ရတနာအချို့ ပါသွားခဲ့တယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013