ဥရောပသမဂ္ဂ (EU) ကောင်စီဟာ ရုရှားအပေါ် ကျယ်ပြန့်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ဒီဇင်ဘာ ၂၂ ရက်မှာ နောက်ထပ် ၆ လ သက်တမ်းတိုးခဲ့ပြီး ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ အဖွဲ့ရဲ့ ကန့်သတ်ချက်တွေကို တိုးချဲ့ခဲ့ပါတယ်။
၂၀၁၄ ခုနှစ်မှာ ပထမဆုံး ချမှတ်ခဲ့တဲ့ ကဏ္ဍအလိုက် အစီအမံတွေကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ နောက်ပိုင်းမှာ သိသိသာသာ တိုးချဲ့ခဲ့ပါတယ်။
ကောင်စီရဲ့ ကြေညာချက်အရ ပိတ်ဆို့မှုတွေမှာ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ စွမ်းအင်၊ နည်းပညာနဲ့ စစ်ဘက်အရပ်ဘက် ၂ မျိုးသုံး ကုန်ပစ္စည်းတွေ၊ စက်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနဲ့ ဇိမ်ခံပစ္စည်းတွေအပေါ် ကျယ်ပြန့်တဲ့ ကန့်သတ်ချက်တွေ ပါဝင်ပါတယ်။
အဲဒီထဲမှာ ရုရှားမှ EU ကို ပင်လယ်ရေကြောင်းမှ ရေနံစိမ်းနဲ့ ရေနံထွက်ကုန်တချို့ တင်သွင်းတာ ဒါမှမဟုတ် လွှဲပြောင်းတာတို့ကို တားမြစ်တာ၊ ကမ္ဘာတဝန်းရှိ ဘဏ်အချင်းချင်း ငွေကြေးဆက်သွယ်ရေးအသင်း (SWIFT) စနစ်မှ ရုရှားဘဏ်အများအပြားကို ဖယ်ရှားတာနဲ့ သတင်းမှားတွေ ဖြန့်ဝေတယ်လို့ စွပ်စွဲခံရတဲ့ ရုရှားကျောထောက် နောက်ခံပြု သတင်းဌာနများစွာအတွက် ထုတ်လွှင့်မှုလုပ်ငန်းတွေနဲ့ လိုင်စင်တွေကို ရပ်ဆိုင်းတာတို့ ပါဝင်ပါတယ်။
EU ဟာ ပိတ်ဆို့မှုတွေကို ရှောင်လွှဲဖို့၊ ကြိုးပမ်းမှုတွေကို တားဆီးဖို့ ရည်ရွယ်ပြီး ပစ်မှတ်ထားတဲ့ အဆင့်တွေကိုလည်း ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရုရှားဘက်က စစ်ရေးလုပ်ရပ်တွေကို ဆက်လက်လုပ်ဆောင်နေသရွေ့ EU က ချမှတ်ထားတဲ့ အရေးယူမှုတွေကို ဆက်လက်ထားရှိသွားမှာဖြစ်ပြီး လိုအပ်ရင် လိုအပ်သလို နောက်ထပ် အရေးယူမှုအသစ်တွေ ချမှတ်နိုင်တယ်လို့လည်း အီးယူက ပြောပါတယ်။
ယူကရိန်းကို ဆက်လက်ထောက်ပံ့ပေးသွားမယ်ဆိုတဲ့ EU ရဲ့ ကတိကဝတ်ကိုလည်း ကြေညာချက်မှာ ပြန်လည်အတည်ပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က ဥရောပကောင်စီဟာ ယူကရိန်းရဲ့ စစ်ရေးနဲ့ စီးပွားရေးလိုအပ်ချက်တွေကို လာမယ့် ၂ နှစ်အတွင်း ထောက်ပံ့ဖို့အတွက် ယူရို ၉၀ ဘီလီယံ ချေးငွေအစီအစဉ်ကိုလည်း အတည်ပြုခဲ့ပါတယ်။



