
ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်တွေဟာ သိမ်းဆည်းထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကို အသုံးမပြုဘဲ ယူကရိန်းအတွက် ယူရို ၉၀ ဘီလီယံ ချေးငွေပေးအပ်ဖို့ သဘောတူညီလိုက်ပါတယ်။
ဒီချေးငွေက ယူကရိန်းရဲ့ နောက်ထပ် ၂ နှစ်စာ စစ်ရေးနဲ့ စီးပွားရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမှာ ဖြစ်ပါတယ်။
ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ ပြုလုပ်တဲ့ ထိပ်သီးအစည်းအဝေးမှာ တရက်ကျော်ကြာ အကြိတ်အနယ် ဆွေးနွေးပြီးမှ အခုလို ဆုံးဖြတ်ခဲ့တာပါ။
ဥရောပကောင်စီ ဥက္ကဋ္ဌ အန်တိုနီယို ကော်စတာက “ကျုပ်တို့ ကတိပြုခဲ့တဲ့အတိုင်း ပေးအပ်နိုင်ခဲ့ပါပြီ” လို့ လူမှုကွန်ရက်ကနေ အတည်ပြု ပြောကြားခဲ့ပါတယ်။
ထိန်းသိမ်းထားတဲ့ ရုရှားပိုင်ဆိုင်မှု ယူရို ဘီလီယံ ၂၀၀ ကို သုံးဖို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက အစောပိုင်းမှာ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ရုရှားရဲ့ ငွေသားအမြောက်အမြားကို လက်ဝယ်ထိန်းသိမ်းထားရတဲ့ ဘယ်လ်ဂျီယမ်နိုင်ငံဘက်က ဒီလိုထုတ်ပေးရမယ်ဆိုရင် ပေးရန်တာဝန်ရှိလာတဲ့အခါ နိုင်ငံတွေ မျှခံဖို့ အာမခံစာချုပ်တွေ ချုပ်ပေးဖို့ တခြားနိုင်ငံတွေကို တောင်းဆိုခဲ့ပါတယ်။
အဲဒီအတွက် ညှိနှိုင်းမရတာကြောင့် EU ရဲ့ ဘုံဘတ်ဂျက်ကနေပဲ ချေးငွေထုတ်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခွန်း ကတော့ အခုလို ရုရှားပိုင်ဆိုင်မှုတွေ မသုံးဖို့ ဆုံးဖြတ်လိုက်တာဟာ ပူတင်နဲ့ ဥရောပ ပြန်လည်ညှိနှိုင်းဖို့အတွက် အကျိုးရှိလာစေနိုင်တယ်လို့ မှတ်ချက်ပေးပါတယ်။
ငြိမ်းချမ်းရေး အစီအစဉ်တွေအတွက် အမေရိကန်နဲ့ ရုရှား အရာရှိတွေဟာ အခုတပတ်ကုန်မှာ မိုင်ယာမီမှာ တွေ့ဆုံကြဖို့ စီစဉ်ထားပါတယ်။
Source:Reuters


