
ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံခြားရေးဝန်ကြီးတွေဟာ ယူကရိန်းကို ချေးငွေတွေ ပေးအပ်ဖို့အတွက် ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကို အသုံးပြုမယ်၊ မပြုဘူး ဆိုတဲ့အပေါ် သဘောတူညီချက် မရရှိခဲ့ဘူးလို့ သိရပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့ရှိ EU ဌာနချုပ်မှာ တွေ့ဆုံချိန်မှာ EU နိုင်ငံခြားရေးဝန်ကြီးတွေဟာ ရုရှား-ယူကရိန်း ပဋိပက္ခနဲ့ အရှေ့အလယ်ပိုင်းအခြေအနေတွေကို အဓိကထား ဆွေးနွေးခဲ့ကြတာပါ။
ဆွေးနွေးမှုရဲ့ အဓိကအချက်မှာ ဘယ်လ်ဂျီယံမှာ သိမ်းဆည်းထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကို ယူကရိန်းကို ငွေကြေးထောက်ပံ့ဖို့အတွက် အသုံးပြုမယ်၊ မသုံးစွဲဘူး ဆိုတဲ့အချက်ဖြစ်ပြီး ဒီအဆိုပြုချက်ကြောင့် အုပ်စုအတွင်း ပြင်းထန်တဲ့ သဘောထားကွဲလွဲမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
အီတလီ၊ မော်လ်တာနဲ့ ဘူလ်ဂေးရီးယား နိုင်ငံတို့က အဲဒီအစီအစဉ်ကို ထင်ထင်ရှားရှား ဆန့်ကျင်ခဲ့ကြပြီး ဟန်ဂေရီနဲ့ ဆလိုဗက်ကီးယားတို့ကတော့ အစီအစဉ်ကို လုံးဝ ပယ်ချခဲ့ကြပါတယ်။
ဟန်ဂေရီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ပီတာစီယာတိုက ရုရှားပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားပြီး အသုံးချမဲ့ အစီအစဉ်ဟာ စစ်ရေးဆိုင်ရာ လှုံ့ဆော်မှုတရပ်နဲ့တူနေကြောင်း ပြောကြားခဲ့ပြီး၊ အဲဒီလိုလုပ်လိုက်ရင် ယူကရိန်းရှိ ပဋိပက္ခကို ပိုမိုအချိန်ကြာသွားစေမှာဖြစ်ကာ အခြေအနေ ပိုပြင်းထန်လာစေမဲ့ အန္တရာယ်ရှိကြောင်းနဲ့ ဟန်ဂေရီရဲ့ အမျိုးသားအကျိုးစီးပွားတွေနဲ့လည်း ဆန့်ကျင်ကြောင်း သတိပေးပြောပါတယ်။
ချက်ဝန်ကြီးချုပ်သစ် အန်းဒရေ့(ယ်) ဘားဘစ်ရှ်ကလည်း သူ့နိုင်ငံရဲ့ ပိုင်ဆိုင်မှုအများစု ရှိနေတဲ့ ဘယ်လ်ဂျီယံနဲ့ ဆက်စပ်နေတဲ့ ဘဏ္ဍာရေးအန္တရာယ်တွေကို စွန့်စားလုပ်ဆောင်လိုခြင်း မရှိကြောင်း ပြောကြားခဲ့ပါတယ်။
EU ခေါင်းဆောင်တွေဟာ ကြာသပတေးနေ့မှာ ကျင်းပမဲ့ အစည်းအဝေးမှာ လာမယ့် ၂ နှစ်အတွင်း ယူကရိန်းရဲ့ ဘဏ္ဍာရေးနဲ့ စစ်ရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ရည်ရွယ်တဲ့ "လျော်ကြေးချေးငွေတွေ" အတွက် အာမခံအဖြစ် ရုရှားရဲ့ ပိုင်ဆိုင်မှုတွေကို အသုံးပြုဖို့ အဆိုပြုချက်ကို ပြန်လည် သုံးသပ်မယ်လို့ မျှော်လင့်ရပါတယ်။
ရုရှားဗဟိုဘဏ်ကလည်း မော်စကိုမှာ တရားစွဲဆိုမှုတခု ပြုလုပ်ခဲ့ပြီး ထိခိုက်ဆုံးရှုံးမှုအတွက် ရုရှားရဲ့ ပိုင်ဆိုင်မှုအများအပြားကို ထိန်းသိမ်းထားရှိတဲ့ ဥရောပရဲ့ အကြီးဆုံး ငွေချေးစာချုပ်တွေအပ်နှံရာ Euroclear ငွေကြေးဈေးကွက် အခြေခံအဆောက်အအုံအဖွဲ့ဆီမှ ရူဘယ် ၁၈ ထရီလီယံကျော် လျော်ကြေး တောင်းခံထားတယ်လို့ ရုရှားမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက ရုရှားရဲ့ သဘောတူညီချက်မရှိဘဲ အချုပ်အခြာအာဏာပိုင် ပိုင်ဆိုင်မှုတွေကို ဝေခြမ်းလုပ်ဆောင်မှုဟာ လုံးဝတရားမဝင်ဖြစ်ပြီး နိုင်ငံတကာဥပဒေကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Source: Reuters


