
ရုရှားက သူ့လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ရှေ့တန်းတလျှောက်လုံးမှာ တိုးတက်မှုရှိနေပြီး အားသာချက်ရှိတဲ့ စခန်းအများကြီးကို ရထားပြီလို့ ဒီဇင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။
ယူကရိန်းက အဲဒီနေ့မှာပဲ သူ့တပ်ဖွဲ့တွေ ဆူမွေဒေသက စခန်းအတော်များများကနေ ဆုတ်ခွာသွားခဲ့ရတယ်လို့ အတည်ပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်း စစ်ဘက်-စက်မှုလုပ်ငန်းတွေအပြင် ယူကရိန်းစစ်တပ်တွေကို ပံ့ပိုးပေးတဲ့ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနဲ့ သိုလှောင်ရုံ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နောက်ဆုံးအစီရင်ခံစာမှာ ပြောခဲ့ပါတယ်။
ယူကရိန်းရဲ့ အဝေးပစ်ဒရုန်း တပ်ဆင်တဲ့ နေရာတွေ၊ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နိုင်ငံခြား ကြေးစားစစ်သားတွေရဲ့ ယာယီတပ် ဖြန့်ကြက်တဲ့ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။
တနင်္ဂနွေနေ့မှာ ရုရှားတပ်ဖွဲ့တွေရဲ့ အမြန်ထိုးစစ်ကြောင့် ယူကရိန်းတပ်ဖွဲ့တွေဟာ ဆူမွေဒေသ၊ ခရက်စ်နိုပီလီယာ အစုအဖွဲ့ထဲက ရုရှားနဲ့ နယ်စပ်မှာရှိတဲ့ ရွာတရွာအနားမှာရှိတဲ့ စခန်းအတော်များများကနေ ဆုတ်ခွာသွားခဲ့ရတယ်လို့ ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အထွေထွေဝန်ထမ်းအဖွဲ့က ပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေဟာ နယ်စပ်ဒေသမှာ စစ်ဆင်ရေးတွေ ဆက်လုပ်နေခဲ့ပြီး ရုရှားတပ်ဖွဲ့ဝင်တွေ ဆုံးရှုံးခဲ့သလို လက်ရှိမှာ ယူကရိန်းတပ်ဖွဲ့တွေ ပစ်ခတ်တာကို ရုရှားတပ်ဖွဲ့တွေ ခံနေရတယ်လို့ ယူကရိန်းဘက်က ပြောခဲ့ပါတယ်။
Source: Reuters


