
အနောက်နိုင်ငံတွေမှာ ရုရှားနဲ့ အဓိကစစ်ပွဲတခုအတွက် ပြင်ဆင်ဖို့ တောင်းဆိုမှုတချို့ ရှိနေတယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒီဇင်ဘာ ၁၇ ရက်မှာ ပြောလိုက်ပြီး ဒါကို ထိတ်လန့်တုန်လှုပ်မှုနဲ့ အလိမ်အညာအဖြစ် သူက ဖော်ပြလိုက်ပါတယ်။
ယူကရိန်းနဲ့ အနောက်နိုင်ငံတွေဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို စွန့်လွှတ်ရင် ရုရှားက ယူကရိန်း နိုင်ငံထဲက သူတို့ တောင်းဆိုထားတဲ့ မြေတွေကို စစ်ရေးနည်းလမ်းတွေနဲ့ သိမ်းယူမယ်လို့ ပူတင်က ပြောပါတယ်။
“ဒီနေ့ခေတ်မှာ ကမ္ဘာ့ပထဝီနိုင်ငံရေးအခြေအနေက တင်းမာနေဆဲဖြစ်ပြီး ဒေသတချို့မှာ အလွန်အရေးကြီးလာနေတာကို ကျနော်တို့ တွေ့နေရတယ်။ နေတိုးနိုင်ငံတွေက ထိုးစစ်ဆင်တပ်ဖွဲ့တွေကို တက်တက်ကြွကြွ တည်ဆောက်ပြီး ခေတ်မီအောင် လုပ်နေကြတယ်။ အာကာသ အပါအဝင် လက်နက်အမျိုးအစား အသစ်တွေကို တီထွင်ထုတ်လုပ် ဖြန့်ကြက် နေရာချနေကြတယ်။”
တချိန်တည်းမှာ ဥရောပမှာ လူတွေဟာ ရုရှားနဲ့ မလွဲမသွေဖြစ်မဲ့ ပဋိပက္ခအတွက် စိုးရိမ်စိတ်တွေနဲ့ သွန်သင်ခံနေရပြီး အဓိကစစ်ပွဲတခုအတွက် ပြင်ဆင်ရမယ်လို့လည်း ငြင်းခုံနေကြတယ်လို့ ပူတင်က ဆက်ပြောပါတယ်။
တာဝန်ယူမှု ရာထူးတွေကို ကိုင်ဆောင်ထားဆဲလို့ ယူဆရတဲ့ ပုဂ္ဂိုလ်အမျိုးမျိုးက သူတို့ရဲ့ တာဝန်ဝတ္တရားတွေကို မေ့လျော့နေကြပုံရတယ်၊ ပြည်သူတွေရဲ့ အကျိုးစီးပွားမဟုတ်ဘဲ ရေတို၊ ကိုယ်ရေးကိုယ်တာ ဒါမှမဟုတ် အုပ်စုနိုင်ငံရေး အကျိုးစီးပွားတွေနဲ့ လမ်းညွှန်ခံရပြီး ထိတ်လန့်မှုကို ပိုတိုးပွားစေတယ်လို့ ပူတင်က ထပ်ဖြည့် ပြောဆိုပါတယ်။
ရုရှားသမ္မတ ပူတင်က “ဒါဟာ လိမ်ညာမှု၊ အဓိပ္ပာယ်မရှိတဲ့၊ ဥရောပနိုင်ငံတွေအပေါ် ရုရှားရဲ့ စိတ်ကူးယဉ် ခြိမ်းခြောက်မှုတခုအကြောင်းပါ။ ဒါပေမဲ့ ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာပါ။ အမှန်တရားကတော့ ရုရှားဟာ အခက်ခဲဆုံးအခြေအနေတွေမှာတောင်၊ အခွင့်အရေး နည်းနည်းလေး ရှိသရွေ့၊ ဆန့်ကျင်ဘက်ပဋိပက္ခတွေအတွက် သံတမန်ရေးဆိုင်ရာ ဖြေရှင်းချက်တွေကို ရှာဖွေဖို့ အဆုံးထိ အမြဲကြိုးစားခဲ့ပါတယ်။ ဒီနေ့မှာတော့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေနဲ့ အပြန်အလှန်အကျိုးရှိပြီး တန်းတူညီမျှတဲ့ ပူးပေါင်းဆောင်ရွက်မှု တည်ဆောက်ဖို့နဲ့ ယူရေးရှားဒေသတခုလုံးမှာ ပေါင်းစည်းထားတဲ့ လုံခြုံရေးစနစ်တခု ဖွဲ့စည်းဖို့အတွက် ကျနော်တို့ ဆက်လက်ထောက်ခံအားပေးနေပါတယ်”လို့ ပြောပါတယ်။
Source: Reuters


