
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်ရက်ချ်စီမာမြို့ပြဧရိယာက စစ်စခန်းတွေနဲ့ စီးပွားရေးဇုန်တွေကို နှောင့်ယှက်ဖျက်ဆီးဖို့ ရုရှားကြေးစားစစ်သားတွေ ရောက်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် ရုရှားနိုင်ငံသားတွေကို အထူးစောင့်ကြည့်ဖို့ ရဲတပ်ဖွဲ့က ညွှန်ကြားလိုက်ပါတယ်။
ကမ္ဘောဒီးယားဘက်က ငှားရမ်းထားတဲ့ ရုရှားကြေးစားစစ်သားတယောက်ဟာ ဒရုန်းတွေ အသုံးပြုပြီး အမှတ် ၁ လေတပ်စခန်း အပါအဝင် မဟာဗျူဟာကျတဲ့ နေရာတွေကို တိုက်ခိုက်ဖို့ရှိတယ်လို့ ဖွန်ခရွန် ရဲစခန်းရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဒီဇင်ဘာ ၁၄ ရက် ညက ဖော်ပြခဲ့တာပါ။
ဒီသတင်းထွက်လာပြီးနောက် ခရိုင်ရဲတပ်ဖွဲ့မှူးက ဒီဇင်ဘာ ၁၅ ရက်မှာ ခရိုင်အတွင်းက ရဲစခန်းအားလုံးကို လုံခြုံရေးအထူးသတိရှိဖို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် စီရီဝပ် ဒီပေါ် ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ အတည်ပြုပြောကြားပါတယ်။
လက်ရှိမှာတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဟိုတယ်တွေနဲ့ တည်းခိုခန်းတွေကို လိုက်လံစစ်ဆေးနေသလို လေတပ်စခန်းရဲ့ ၉ ကီလိုမီတာပတ်လည်မှာ ဒရုန်းလွှတ်တင်ခွင့်မရှိကြောင်းလည်း ဒေသခံတွေကို သတိပေးထားပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ ရုရှားသံရုံးကတော့ ဒီသတင်းဟာ အခြေအမြစ်မရှိတဲ့ သတင်းမှားသာဖြစ်ပြီး ရုရှား-ထိုင်း ဆက်ဆံရေးကို ထိခိုက်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာလို့ တုံ့ပြန်ထားပါတယ်။


