
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ရုရှားမှာ တာဝန်ထမ်းဆောင်ပြီးနောက် နိုင်ငံကို ပြန်လာကြတဲ့ စစ်အင်ဂျင်နီယာတပ်ဖွဲ့အတွက် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့တယ် လို့ မြောက်ကိုရီးယားရဲ့ နိုင်ငံပိုင်ရုပ်မြင်သံကြား (KRT) က ဒီဇင်ဘာ ၁၃ ရက်မှာ ထုတ်လွှင့်ပါတယ်။
ကင်မ်ဂျုံအန်းက “ကိုရီးယားပြည်သူ့တပ်မတော် (KPA) ရဲ့ အင်ဂျင်နီယာတပ်ရင်း ၅၂၈ မှ အရာရှိတွေနဲ့ တပ်သားတွေဟာ ရက်ပေါင်း ၁၂၀ နိုင်ငံရပ်ခြားတာဝန်ထမ်းဆောင်ခဲ့ချိန်မှာ အာဏာရ ကိုရီးယားအလုပ်သမားပါတီရဲ့ အမိန့်တွေကို ပြီးပြည့်စုံစွာ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ သူရဲကောင်းဆန်တဲ့ ကျင့်ကြံပြုမူမှုနဲ့ အစုအဖွဲ့လိုက် သူရဲကောင်းဆန်မှုတို့ကို ပြသခဲ့ကြတယ်”လို့ KCNA ကနေ ထုတ်လွှင့်တဲ့မိန့်ခွန်းထဲမှာ ချီးကျူးပြောပါတယ်။
မြောက်ကိုရီးယားမှ ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းမှာတော့ ယူနီဖောင်းဝတ် စစ်သားတွေဟာ လေယာဉ်ပေါ်ကနေ ဆင်းလာပြီး ကင်မ်ဂျုံအန်းဟာ ဘီးတပ် ကုလားထိုင်ပေါ်မှာ ထိုင်နေတဲ့ စစ်သားတယောက်ကို ပွေ့ဖက်နေပြီး တပ်ဖွဲ့တွေကို ကြိုဆိုဖို့ စစ်သားတွေနဲ့ အရာရှိတွေ စုဝေးနေကြတာကို ပြသထားပါတယ်။
အဲဒီတပ်ဖွဲ့ကို သြဂုတ်လအစောပိုင်းက စေလွှတ်ခဲ့တာဖြစ်ပြီး ယူကရိန်းနဲ့ မော်စကိုစစ်ပွဲအတွင်း ရုရှားနိုင်ငံ၊ ကာ့စ်ခ်ဒေသမှာ တိုက်ခိုက်ရေးနဲ့ အင်ဂျင်နီယာလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တယ်လို့ KCNA မှ ပြောပါတယ်။
ပြီးခဲ့တဲ့လက ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ရုရှားနိုင်ငံအနောက်ပိုင်း ကာ့စ်ခ်ဒေသကို ယူကရိန်းတပ်တွေ အကြီးစားကျူးကျော်ဝင်ရောက်မှုကို တွန်းလှန်ရာမှာ ကူညီပေးခဲ့တဲ့ မြောက်ကိုရီးယားတပ်တွေဟာ အခုခါ မိုင်းရှင်းလင်းရေးမှာ အရေးကြီးတဲ့အခန်းကဏ္ဍမှ ပါဝင်နေပြီလို့ ပြောပါတယ်။
၂ နိုင်ငံအကြား အပြန်အလှန်ကာကွယ်ရေးသဘောတူညီချက်အရ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့နှစ်က ကာ့စ်ခ်ဒေသမှာ ရုရှားနဲ့အတူ တိုက်ခိုက်ဖို့ စစ်သား ၁၄,၀၀၀ လောက်ကို စေလွှတ်ခဲ့ပြီး တောင်ကိုရီးယား၊ ယူကရိန်းနဲ့ အနောက်တိုင်းသတင်းရင်းမြစ်တွေရဲ့ အဆိုအရ လူ ၆,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Source:Reuters


