
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတုန်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ သတ်ဖြတ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ကိုအောင်ကိုကိုရဲ့ အမှုနဲ့ ပတ်သက်ပြီး ထိုင်း အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) အနေနဲ့ ချက်ချင်းစုံစမ်းစစ်ဆေးဖို့နဲ့ ညှဉ်းပန်းနှိပ်စက်မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားကော်မတီကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် တရားခံအားလုံးကို အရေးယူနိုင်ဖို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတခု ပြုလုပ်ပေးဖို့ Fortify Rights တောင်းဆိုပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး ထိုင်းတရားရုံးရဲ့ ဆုံးဖြတ်ချက်က အဆိုပါအမှုမှာ ထိုင်းစစ်တပ်က ပါဝင်ပတ်သက်နေတာကို ညွှန်ပြနေတဲ့အကြောင်းလည်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားတဲ့ Fortify Rights အဖွဲ့က ပြောပါတယ်။
မြန်မာနိုင်ငံသား အောင်ကိုကို ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးခဲ့တဲ့ အမှုမှာ စွပ်စွဲခံထားရသူ စီရာချက်(ခ)ဂျားမင်းကို ထိုင်းတရားရုံးက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်မှာ လူသတ်မှုကနေ တရားသေလွှတ်ပေးခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ရာဇဝတ်မှုမှာ ထိုင်းစစ်တပ်ရဲ့ ပါဝင်ပတ်သက်မှုကို ညွှန်ပြနေတာကြောင့် တာဝန်ခံမှု၊ တာဝန်ယူမှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်လာစေတယ်လို့ ဆိုပါတယ်။
အစတုန်းကတော့ မဲဆောက်ခရိုင်တရားရုံးကနေ စီရာချက်ကို လူသတ်မှုမှာ အားပေးကူညီသူအဖြစ် စွဲချက်တင်ပြီးတော့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်မှာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ကာ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ပြစ်ဒဏ်ကို ၃ နှစ်နဲ့ ၄ လအထိ လျှော့ပေါ့ပေးခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းအယူခံတရားရုံးကတော့ စီရာချက်ဟာ ထိုင်းစစ်အရာရှိတွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း ဆုံးဖြတ်ပြီး လူသတ်မှုစွဲချက်ကို ပလပ်ခဲ့သလို သူ့ကို ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုနဲ့သာ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ကျခံရမဲ့ ပြစ်ဒဏ်ကာလ ပြည့်မြောက်ပြီဖြစ်လို့ ဒီဇင်ဘာ ၁၈ ရက်က တရားဝင် ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ ကိုအောင်ကိုကို သေဆုံးမှုမှာ အမည်မဖော်လိုတဲ့ ထိုင်းစစ်သားတွေ ပါဝင်နေတဲ့ အထောက်အထားတွေ ရှိနေပေမဲ့ တာဝန်ရှိသူတွေကို ထိုင်းအာဏာပိုင်တွေက ဖော်ထုတ်ဖို့ ပျက်ကွက်မှုကို ပေါ်လွင်စေတယ်လို့ Fortify Rights အဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် ထိုင်းဥပဒေနဲ့ ညှဉ်းပန်းနှိပ်စက်မှုဆန့်ကျင်ရေးစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံတနိုင်ငံအနေနဲ့ ထိုင်းနိုင်ငံရဲ့ တာဝန်ဝတ္တရားတွေအရ အာဏာပိုင်တွေဟာ လျင်မြန်၊ ဘက်မလိုက်ဘဲ ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုအပ်တယ်လို့ လည်း ဆိုပါတယ်။
Fortify Rights အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် မက်သရူး စမစ်သ်က “စီရာချက်ဟာ လွတ်မြောက်သူတယောက် ဖြစ်လာတဲ့အတွက် ကျနော်တို့ အလွန်ဝမ်းမြောက်မိပါတယ်။ သူဟာ လွတ်မြောက်သင့်တဲ့သူပါ” လို့ ပြောလိုက်သလို ထိုင်းတရားရုံးရဲ့ ဆုံးဖြတ်ချက်အရ သူဟာ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းမရှိတာ ထင်ရှားတဲ့အတွက် ဒီအမှုမှာ ဘယ်စစ်ဘက် အရာရှိတွေ ပါဝင်ပတ်သက်နေသလဲဆိုတာကို ဖော်ထုတ်ဖို့ အရေးကြီးကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
သာမန် စုံစမ်းစစ်ဆေးမှုတွေက တာဝန်ရှိသူတွေကို အရေးမယူဘူးဆိုရင် ထိုင်းနိုင်ငံရဲ့ ညှဉ်းပန်းနှိပ်စက်မှုတိုက်ဖျက်ရေးကော်မတီ ဒါမှမဟုတ် အထူးစုံစမ်းစစ်ဆေးရေးဌာနက ဝင်ရောက်ဆောင်ရွက်သင့်တယ်လို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။
Fortify Rights အဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ “Death at the Thai-Myanmar Border” အမည်ရ အစီရင်ခံစာမှာ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေကို ဖော်ပြထားပါတယ်။
စာမျက်နှာ ၄၄ မျက်နှာပါ အစီရင်ခံစာထဲမှာတော့ ထိုင်းစစ်တပ်က စစ်သား ၄ ယောက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်က ကိုအောင်ကိုကိုကို ဖမ်းဆီးထိန်းသိမ်းခဲ့ပုံ၊ မဲဆောက်မြို့၊ တာ့ခ်ခရိုင်အတွင်းက ထိုင်း-မြန်မာနယ်စပ်အနီးမှာ အဆိုပါ စစ်သား ၄ ယောက်ထဲက ၃ ယောက်က သေဆုံးတဲ့အထိ နှိပ်စက်ခဲ့ပုံတို့ကို အသေးစိတ် ဖော်ပြထားတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၁၂ ရက်မနက် ၁၁ နာရီလောက်က မဲဆောက်မြို့နယ် ရိုင် ၇၀ ဝန်းကျင် သစ်သားတံတားငယ်တခုအနီးမှာ ထိုင်းစစ်သား ၄ ယောက်က ကိုအောင်ကိုကို ကို ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ၃ ယောက်က သူ့ကို သစ်သားတုတ်ရှည်နဲ့ ပြင်းထန်စွာ ရိုက်နှက်ခဲ့တာကို မျက်မြင်သက်သေတွေက ထွက်ဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
အဆိုပါ ထွက်ဆိုချက်နဲ့ Fortify Rights က စိစစ်သုံးသပ်ခဲ့တဲ့ သေဆုံးသူရဲ့ ခန္ဓာကိုယ် ဓာတ်ပုံတွေအရ ပြင်းထန်သော ပွန်းပဲ့ဒဏ်ရာတွေ ရရှိကာ သွေးထွက်သံယိုဖြစ်နေပြီး နဖူး၊ ပါးရိုးတဝိုက်နဲ့ နှာခေါင်းတို့မှာ ညိုမည်းဒဏ်ရာတွေနဲ့အတူ နောက်ကျောတခုလုံး နီးပါး ပြင်းထန်စွာ ဒဏ်ရာရရှိထားသလို ညာဘက် တံတောင်ဆစ်မှာလည်း ၁ လက်မလောက် နက်တဲ့ ပြတ်ရှဒဏ်ရာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။
ကိုအောင်ကိုကိုဟာ ထိုင်းနိုင်ငံမှာ နေထိုင်ခဲ့ပြီး ထိုင်းအာဏာပိုင်တွေ စီစဉ်လေ့ကျင့် သင်ကြားပေးထားတဲ့ ရပ်ရွာလူထုအခြေပြုလုံခြုံရေးတပ်ဖွဲ့ (Chor Ror Bor) ရဲ့ စေတနာ လုပ်သားဟောင်းတယောက် ဖြစ်ကာ ထိုင်းစစ်သားတွေက သူ့ကို မြန်မာနိုင်ငံသားဖြစ်ပြီး Chor Ror Bor အပေါ်ထပ်အင်္ကျီ ဝတ်ထားတာကြောင့် အစပိုင်းမှာ ဖမ်းဆီးထိန်းသိမ်း စစ်ဆေးမေးမြန်းခဲ့တာလို့ ဆိုပါတယ်။
ကိုအောင်ကိုကို သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ Fortify Rights က မျက်မြင်သက်သေတွေ၊ ကျေးရွာလုံခြုံရေး စေတနာလုပ်သားတွေ၊ ဒေသခံကျေးရွာအုပ်ချုပ်ရေးမှူး၊ ကိုအောင်ကိုကိုရဲ့ မိသားစုဝင်တွေ၊ မဲဆောက်ခရိုင်အတွင်း ရွှေ့ပြောင်းနေထိုင်သူတွေကို ကူညီပေးနေတဲ့ လူအခွင့်အရေးလှုပ်ရှားသူတွေ ပါဝင်တဲ့ အထောက်အထားတွေနဲ့ တွေ့ဆုံမေးမြန်းမှု ၂၃ ခုကို လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကိုအောင်ကိုကို အသတ်ခံရမှုမှာ ကြံရာပါအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ စီရာချက်နဲ့ သူ့ရဲ့ ရှေ့နေတို့ကို တွေ့ဆုံမေးမြန်းခဲ့သလို သူ့ရဲ့ ရုံးချိန်းကို မဲဆောက်ခရိုင်တရားရုံးမှာ စောင့်ကြည့်လေ့လာခဲ့ပြီး သေဆုံးမှုနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို ထင်ရှားစေမဲ့ အထောက်အထားတွေကိုလည်း မှတ်တမ်းတင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ကိုအောင်ကိုကို လိုပဲ ဒေသခံ Chor Ror Bor အဖွဲ့ဝင်တဦးဖြစ်တဲ့ စီရာချက်ကို ထိုင်းတရားရုံးက စက်တင်ဘာ ၂၇ ရက်က ထောင်ဒဏ် ၃ နှစ်နဲ့ ၄ လ ချမှတ်ခဲ့သလို ဘယ် ထိုင်း စစ်တပ်အဖွဲ့ဝင်ကိုမှ ဖမ်းဆီးတာ၊ ဒါမှမဟုတ် ရုံးတင်စစ်ဆေးခြင်းမျိုး မရှိသေးဘူးလို့လည်း Fortify Rights က ပြောထားပါတယ်။
စက်တင်ဘာ ၁၈ ရက်မှာတော့ Fortify Rights အဖွဲ့က တရားရေးဝန်ကြီးဌာန၊ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့နဲ့ ထိုင်းနိုင်ငံ ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့ဆီ အစီရင်ခံစာနဲ့ စုံစမ်းစစ်ဆေးရေးဆိုင်ရာ အချက်အလက်တွေ မျှဝေခဲ့ပြီး ကိုအောင်ကိုကို အသတ်ခံရမှုနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ တောင်းဆိုခဲ့ပါတယ်။
အောက်တိုဘာ ၂၂ ရက်မှာတော့ Fortify Rights ရဲ့ စုံစမ်းစစ်ဆေးမှုကို အခြေခံပြီးတော့ သက်သေခံချက်ပေးဖို့ ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) ရဲ့ ဖိတ်ကြားချက်ကို လက်ခံရရှိခဲ့ပြီး နိုဝင်ဘာ ၇ ရက်မှာတော့ ဘန်ကောက်မြို့က DSI မှာ လူကိုယ်တိုင် သက်သေခံအဖြစ် တက်ရောက်ပြီးတော့ ကိုအောင်ကိုကို အသတ်ခံရမှုနဲ့ ပတ်သက်ပြီးတော့ တိုင်ကြားထားခဲ့တယ်လို့ ဆိုပါတယ်။
ညှဉ်းပန်းနှိပ်စက်မှုဆန့်ကျင်ရေး အက်ဥပဒေအရ အစိုးရဝန်ထမ်းတွေအနေနဲ့ ညှဉ်းပန်းနှိပ်စက်မှုမှာ အပြစ်ရှိကြောင်း တွေ့ရှိပါက ထောင်ဒဏ် ၅ နှစ်ကနေ ၁၅ နှစ်အထိနဲ့ ဒဏ်ငွေ ထိုင်းဘတ်ငွေ ၂ သိန်းကနေ ၅ သိန်းကြား (အမေရိကန်ဒေါ်လာ ၆,၀၀၀ ကနေ ၁၅,၀၀၀ ခန့်) အထိ ပြစ်ဒဏ်ချမှတ်နိုင်မှာ ဖြစ်ပါတယ်။
Fortify Rights အဖွဲ့ကတော့ ရာဇဝတ်မှုတွေမှာ တာဝန်ရှိနေတဲ့ ထိုင်းစစ်သားတွေဟာ ဥပဒေနဲ့ မလွတ်ကင်းကြောင်းနဲ့ သူတို့ရဲ့ ရာထူး၊ ဒါမှမဟုတ် တခြားဘယ်လို ပတ်သက်ဆက်နွှယ်မှုတွေ ရှိတယ်ဆိုစေကာမူ တရားမျှတပြီး ဘက်မလိုက်တဲ့ စစ်ဆေးမှုတွေ ကတဆင့် တရားဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်မှု ရှိသင့်တယ်လို့ ပြောထားပါတယ်။


