
ခန္ဓာကိုယ်အလေးချိန်တိုးလာတဲ့ ကစားသမားတွေကို ပွဲထွက်ခွင့်ပေးမှာမဟုတ်ကြောင်း မန်စီးတီး နည်းပြ ပတ်ဂွါဒီယိုလာက ပြောသွားပါတယ်။
မန်စီးတီးအသင်းသားတွေဟာ ဝက်စ်ဟမ်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရပြီးနောက်မှာ ၃ ရက် အနားယူခွင့် ရရှိထားပြီး အသင်းဆီပြန်လာချိန်မှာ ကိုယ်အလေးချိန် မတက်စေဖို့ နည်းပြဂွါဒီယိုလာက စည်းကမ်းချမှတ်ခဲ့တာပါ။
ကစားသမားတွေအနေနဲ့ ၃ ရက်တာ အားလပ်ရက်အတွင်းမှာ စားချင်တာ စားလို့ရပေမဲ့ အသင်းဆီ ပြန်လာချိန်မှာ ကစားသမားတွေရဲ့ ကိုယ်အလေးချိန်ကို စစ်ဆေးသွားမှာဖြစ်ပြီး ၃ ကီလိုထက်ပိုပြီး အလေးချိန်တက်လာမယ်ဆိုရင် နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်ကို ကစားခွင့်ပြုမှာမဟုတ်ကြောင်း နည်းပြက ပြောပါတယ်။
နည်းပြဂွါဒီယိုလာဟာ ကစားသမားတွေရဲ့ ကိုယ်အလေးချိန်နဲ့ ပတ်သက်လို့ သေချာကြပ်မတ်တဲ့ နည်းပြအဖြစ် နာမည်ကြီးပြီး ပီဇာနဲ့ အချိုရည်လို အစားအစာတွေကို မစားသောက်ဖို့ တားမြစ်လေ့ရှိကြောင်း အသင်းနောက်ခံလူဟောင်း ကလစ်ချီက ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။


