
မန်ယူနိုက်တက်အသင်းဟာ အောင်မြင်မှုတွေပြန်ရဖို့ ၁၀ နှစ်လောက် အချိန်ယူရနိုင်တယ်လို့ နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်က ပြောပါတယ်။
စကော့တလန်သား နည်းပြကြီးဟာ မန်ယူနိုက်တက်ကို ၂၆ နှစ်ကြာ တာဝန်ယူခဲ့ပြီး ဆုဖလား ၃၈ လုံးအထိ ရယူပေးခဲ့သူပါ။
၂၀၁၂-၂၀၁၃ ရာသီနောက်ပိုင်း ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ အလှမ်းဝေးနေတဲ့ မန်ယူနိုက်တက်အနေနဲ့ အရင်ကလို အောင်မြင်မှုတွေပြန်ရဖို့ အတွက်ဆိုရင် ၁၀ နှစ် ၁၁ နှစ်လောက် အချိန်ယူရနိုင်ကြောင်း ဖာဂူဆန်က မှတ်ချက်ပေးသွားတာပါ။
အသင်းနည်းပြ ရူဘင်အာမိုရင်က ကိုယ်ရည်ကိုယ်သွေးကောင်းမွန်သူဖြစ်ပေမဲ့ တချိန်ကလို အောင်မြင်မှုတွေပြန်ရဖို့က မလွယ်ကူကြောင်း ဖာဂူဆန်က ပြောပါတယ်။
ယူနိုက်တက် အသင်းရဲ့အခြေအနေက အမှတ်ပေးဖလားပြန်ရဖို့ ၃၁ နှစ်ကြာတဲ့အထိ စောင့်ဆိုင်းခဲ့ရတဲ့ လီဗာပူးအသင်းရဲ့အခြေအနေနဲ့ တူညီကြောင်း ဘောလုံးစက်ဝိုင်းသံသရာအရ အောင်မြင်မှုတွေ ပြန်ရဖို့အတွက်ဆိုရင် နောက်ထပ် ၁၀ နှစ်၊ ၁၁ နှစ်လောက် ကြာမြင့်နိုင်ကြောင်း Press Box PR မီဒီယာနဲ့ အင်တာဗျူးမှာ ဖာဂူဆန်က ပြောသွားပါတယ်။


