
ဒီဇင်ဘာ ၁၉ ရက် ဒီနေ့မနက်အစောပိုင်းက ကစားခဲ့တဲ့ နာပိုလီအသင်းနဲ့ အေစီမီလန်အသင်းတို့ရဲ့ အီတလီစူပါဖလား အကြိုဗိုလ်လုပွဲမှာ နာပိုလီအသင်းက အေစီမီလန်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
အီတလီစီးရီးအေ ဇယားထိပ်ပိုင်းမှာ ရှိနေတဲ့ ၂ သင်း တွေ့ဆုံခဲ့တဲ့အတွက် ဒီပွဲက အကြိတ်အနယ် ရှိခဲ့ပါတယ်။
နာပိုလီအတွက် ဂိုးတွေကို ပွဲချိန် ၃၉ မိနစ်မှာ တောင်ပံကစားသမား ဒေးဗစ်နဲရစ်နဲ့ ပွဲချိန် ၆၃ မိနစ်မှာ ရာမတ်စ်ဟွိုက်လန်းတို့က သွင်းယူခဲ့တာပါ။
အဲဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ဒုတိယအနိုင်ဂိုး သွင်းယူခဲ့တဲ့ နာပိုလီတိုက်စစ်မှူး ဟွိုက်လန်းက ရသွားပါတယ်။
အီတလီစူပါဖလားရဲ့ နောက်ထပ် အကြိုဗိုလ်လုပွဲအဖြစ် စီးရီးအေမှာ အဆင့် ၆ နေရာက ဘိုလော့ညာနဲ့ ဇယားထိပ်ဆုံးက အင်တာမီလန်အသင်းတို့ စနေနေ့မနက် ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။


