
ဒီနေ့မနက်အစောပိုင်းက ကစားခဲ့တဲ့ အီတလီစီးရီးအေ ဘောလုံးပွဲစဉ်မှာ နာပိုလီအသင်းက အိမ်ကွင်းမှာ တိုက်စစ်မှူး ဟွိုက်လန်းရဲ့ သွင်းဂိုးတွေနဲ့ ဂျူဗင်တပ်စ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး စီးရီးအေ အမှတ်ပေးဇယားထိပ်ကို တက်သွားပါတယ်။
ပွဲစကတည်းက နာပိုလီအသင်းက ဖိကစားထားပြီး ပွဲချိန် ၇ မိနစ်မှာ တောင်ပံကစားသမား နီရက်စ်ရဲ့ ဖြတ်တင်ဘောကို တိုက်စစ်မှူး ဟွိုက်လန်းက ပိတ်သွင်းပြီး ဦးဆောင်ဂိုးရခဲ့ပါတယ်။
အဲဒီနောက်ပိုင်းလည်း နာပိုလီတို့ ဆက်ဖိကစားခဲ့ပြီး ဂိုးသွင်းခွင့်တွေရခဲ့ပေမဲ့ ဂျူဗီဂိုးသမား ဂရီဂိုရီယို လက်စွမ်းပြခဲ့တာကြောင့် ဂိုးထပ်မရခဲ့တာပါ။
အဲဒီနောက် ပွဲချိန် ဒုတိယပိုင်း ၅၉ မိနစ်မှာတော့ ဂျူဗီတိုက်စစ်မှူး ကီနန်ယီလ်ဒစ်ဇ်က ကွင်းလယ်လူ မက်ကီးန် ဖန်တီးပေးတဲ့ဘောလုံးကို ကန်သွင်းပြီး ချေပဂိုးရခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာလည်း နာပိုလီတို့က ဖိကစားခဲ့ပြီး ပွဲချိန် ၇၉ မိနစ်မှာတော့ တိုက်စစ်မှူး ဟွိုက်လန်းကပဲ ခေါင်းတိုက်ပြီး နာပိုလီအတွက် အနိုင်ဂိုး သွင်းယူခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် နာပိုလီအသင်းဟာ ရမှတ် ၃၁ မှတ်နဲ့ စီးရီးအေ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။


