
ဒီနေ့မနက်အစောပိုင်းက ကစားခဲ့တဲ့ အီတလီချန်ပီယံ နာပိုလီအသင်းနဲ့ ပေါ်တူဂီချန်ပီယံ စပို့တင်းလစ္စဘွန်း အသင်းတို့ ဥရောပချန်ပီယံလိဂ် ပွဲစဉ်မှာ တိုက်စစ်မှူး ဟွိုက်လန်းရဲ့ သွင်းဂိုးတွေနဲ့ နာပိုလီအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ပွဲအစကတည်းက ဧည့်သည် စပို့တင်းအသင်းက ဖိကစားခဲ့ပေမဲ့ အပိုင်အခွင့်အရေးတော့ မရခဲ့ပါဘူး။
ပွဲချိန် ၃၆ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဝါရင့်ကွင်းလယ်လူ ဒီဘရိုင်း ထိုးပေးလိုက်တဲ့ ဘောလုံးကို ဟွိုက်လန်းက စပို့တင်းနောက်ခံလူ ၂ ယောက်ကြားကနေ ပြေးထွက်ပြီး အပိုင်ကန်သွင်းကာ ဦးဆောင်ဂိုး ရယူခဲ့ပါတယ်။
ဂိုးရပြီးနောက်ပိုင်းလည်း စပို့တင်းအသင်းကပဲ ဖိကစားနေပေမဲ့ ပထမပိုင်းမှာ ချေပဂိုးမရခဲ့ပါဘူး။ ဒါပေမဲ့ ဒုတိယပိုင်း ၆၂ မိနစ်မှာတော့ စပို့တင်းကစားသမား လူးဝစ်ဇ်ဆွာရက်ဇ်က ပင်နယ်တီကတဆင့် ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။
ပွဲချိန် ၇၉ မိနစ်မှာတော့ ဒီဘရိုင်းရဲ့ ဖြတ်တင်ဘောကို ဟွိုက်လန်းက ခေါင်းတိုက်ပြီး နာပိုလီအတွက် အနိုင်ဂိုး ရယူပေးခဲ့ပါတယ်။
ဒီဂိုးကြောင့် မန်ချက်စတာယူနိုက်တက်အသင်းကနေ အငှားလာကစားနေတဲ့ ဟွိုက်လန်းဟာ နာပိုလီအတွက် ပြိုင်ပွဲစုံ ၅ ပွဲကစားပြီး ၃ ဂိုးသွင်းယူထားနိုင်ပြီ ဖြစ်ပါတယ်။




