
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အိမ် ၅ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒီဇင်ဘာ ၁၆ ရက် နေ့လယ် ၁ နာရီ ကျော်လောက်က သိမ်ဇရပ်နဲ့ ဝေါမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ ခရွဲကျေးရွာထဲကို လက်နက်ကြီး ၅ လုံးထက်မနည်း ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
လက်နက်ကြီးစ ထိမှန်ခံရတဲ့သူရဲ့ အစ်မဖြစ်သူက “တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ ရမ်းသန်း ပစ်ခတ်တာ။ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ခရွဲရွာနေ အသက် ၅၆ နှစ်အရွယ် ဒေါ်ကြင်ရွှေ၊ အသက် ၄၄ နှစ်အရွယ် ဒေါ်ဆန်းထွေးနဲ့ အဘွားအိုတယောက်တို့ လက်မောင်းနဲ့ ခြေထောက်တို့မှာ ဗုံးစ ထိမှန်ခဲ့တယ်” လို့ ပြောပါတယ်။
အခုလို တိုက်ပွဲမရှိဘဲ ခရွဲရွာထဲကို စစ်တပ်ရဲ့လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ အများစုမှာဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြရ ပါတယ်။
မြေပြင်တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူတယောက်က “ကျိုတ်ထိုမြို့နယ်ထဲမှာတော့ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲဝင်တွေရှိပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်က လက်နတ်ကြီးတွေနဲ့ပစ်နေတဲ့ ခရွဲရွာမှာတော့မရှိပါဘူး။ ခရွဲရွာနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရှိတဲ့နေရာက တခြားစီပဲဟာ။ လက်နက်ကြီးသံတောင် ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က မကြားရဘူး” လို့ပြောပါတယ်။
ဒီဇင်ဘာ ၁၂ ရက်ကလည်း ဘီးလင်းမြို့နယ်၊ ဖိုးဝါးသိမ်းကျေးရွာထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် သေဆုံးခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


