
တောင်ကိုရီးယားနိုင်ငံရှိ သစ်စက်ရုံဂိုဒေါင်မှာ မြန်မာလုပ်သားတယောက် ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်းက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ မြန်မာအလုပ်သမားအရေး ကူညီနေသူတွေဆီက သိရပါတယ်။
သေဆုံးသူမှာ မြန်မာနိုင်ငံသား ကိုဉာဏ်လင်းပြည့် ဖြစ်ပြီး ဂယောင်ဂီပြည်နယ်၊ ဟွာဆောင်မြို့က သစ်စက်ရုံရဲ့ ဂိုဒေါင်ထဲမှာ မနက် ၂ နာရီခွဲလောက်က အဆုံးစီရင်သွားတာလို့ ဆိုပါတယ်။
တောင်ကိုရီးယားရောက် မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့ ကိုဇော်မျိုးအောင် က “ရုပ်အလောင်းကို ကိုရီးယားလုပ်သားက မနက် ၇ နာရီအချိန်လောက်မှာ တွေ့ရှိပြီး ရဲစခန်းကို အကြောင်းကြားခဲ့ပါတယ်”လို့ အသိပေးထားပါတယ်။
ဘာကြောင့် သတ်သေရသလဲဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ရဲခွင့်ပြုချက်ရပါက ကိုဉာဏ်လင်းပြည့်ရဲ့ အလောင်းကို သင်္ဂြိုဟ်မဲ့ရက်ကို ထပ်မံကြေညာပေးမယ်လို့လည်း ဆိုပါတယ်။
သေဆုံးသူမှာ ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်ကနေ တောင်ကိုရီးယားနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေတာ ဖြစ်ပြီး သူ့ရဲ့ အစ်ကိုဖြစ်သူကလည်း တောင်ကိုရီးယားရှိ တခြားမြို့တမြို့မှာ အလုပ် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
ကိုဉာဏ်လင်းပြည့် သေဆုံးခဲ့တဲ့ သစ်စက်ရုံမှာ အခုနှစ် မေလကလည်း မြန်မာလုပ်သားတယောက် ရောဂါနဲ့ ကွယ်လွန်ခဲ့တာရှိတယ်လို့ ကိုဇော်မျိုးအောင်က ပြောပါတယ်။
တောင်ကိုရီးယားလုပ်ငန်းခွင်တွေမှာ စိတ်ဖိစီးတာ၊ ပင်ပန်းတာနဲ့ လူမှုရေးပြဿနာတွေကြောင့် မြန်မာလုပ်သားတွေ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာမျိုး အရင်ကလည်း ရှိခဲ့ဖူးပါတယ်။


