Home
မြန်မာသတင်း
စစ်အုပ်စု၏ ရွေးကောက်ပွဲကို ရှုတ်ချကြောင်း တောင်ကိုရီးယားလွှတ်တော်အမတ်များ ကြေညာ
DVB
·
December 17, 2025

စစ်အုပ်စုက အာဏာခိုင်မြဲ​အောင် ရည်ရွယ်ပြုလုပ်မဲ့ ရွေးကောက်ပွဲကို ရှုတ်ချကြောင်း တောင်ကိုရီးယား အမျိုးသားလွှတ်တော်အမတ်တွေက ဒီဇင်ဘာ ၁၇ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

​တောင်ကိုရီးယား အမျိုးသားလွှတ်တော်အမတ်​တွေက မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး အလွဲသုံးစားပြုလုပ်မှုနဲ့ တရားမဝင်ရွေးကောက်ပွဲ ကြိုးပမ်းမှု​တွေကို ရှုတ်ချပြီး ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြန်လည်ထူထောင်ဖို့အတွက် တိုက်တွန်းကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ တောင်ကိုရီးယား ခရီးစဥ်မှာ အမျိုးသားလွှတ်တော်အမတ်တွေနဲ့ ဒီဇင်ဘာ ၁၁  ရက်က တွေ့ဆုံဆွေးနွေးပြီးနောက် အခုလို ကြေညာချက်ထုတ်လာခဲ့တာပါ။

တောင်ကိုရီးယားက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးကို အမြဲအားပေးထောက်ခံခဲ့ပြီး ဒီလို ကြေညာချက်ထုတ်တဲ့အတွက်လည်း အသိအမှတ်ပြု ကျေးဇူးတင်ရတယ်လို့ အဲဒီနိုင်ငံရောက် မြန်မာ့အရေးလှုပ်ရှားသူတယောက်က ပြောပါတယ်။

“စစ်အုပ်စုကို မကြိုက်ကြပေမဲ့ ပေါ်ပေါ်ထင်ထင် ရှုတ်ချတာ၊ အားနည်းချိန်မှာ အခုလို ကြေညာချက်ထုတ်ပြီး ရှုတ်ချကြောင်း ပြောလာတဲ့အတွက် ကျေးဇူးတင်တယ်။ စစ်အာဏာရှင် တော်လှန်ရေးအတွက် ခွန်အားရစေတယ်။”

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းတာကို ပြင်းထန်စွာ ရှုတ်ချခဲ့သလို ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးနဲ့ အကျဉ်းသား​တွေ လွှတ်ပေးဖို့ တိုက်တွန်းခဲ့ပေမဲ့ မြန်မာစစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှတွေနဲ့ ရက်စက်ကြမ်းကြုတ်မှု​တွေ ဆက်လုပ်​နေတယ်လို့ ကိုရီးယားအမျိုးသားလွှတ်တော်အမတ်တွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကိုရီးယားအမျိုးသားလွှတ်တော်အမတ်တွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးကို ဆောင်ရွက်နေတဲ့ အသက်ပေးခဲ့​ကြရတဲ့ မြန်မာနိုင်ငံသား​တွေကို အောက်မေ့သတိရပြီး ဝမ်းနည်းကြေကွဲနေတဲ့ မိသားစု​တွေအတွက် စိတ်ရင်းစေတနာနဲ့ ဝမ်းနည်းကြောင်းလည်း ဆိုပါတယ်။

အာဏာသိမ်းမြန်မာစစ်အုပ်စုက နိုင်ငံတကာအသိုက်အဝန်းရဲ့ သတိပေးချက်​တွေကို လျစ်လျူရှုပြီး ဒီဇင်ဘာ ၂၈ ရက် ကျင်းပမဲ့ တရားမဝင်ရွေးကောက်ပွဲမှာ စစ်အုပ်ချုပ်ရေးကို တရားဝင်​စေဖို့နဲ့ အာဏာခိုင်မာစေဖို့ ရည်ရွယ်တာကြောင့် နိုင်ငံတကာအသိုက်အဝန်းက ဘယ်တော့မှ လက်ခံလာမှာ မဟုတ်တဲ့လုပ်ရပ် ဖြစ်တယ်လို့ အသိပေးထားပါတယ်။

မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်​နေတာကို ရပ်တန့်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ အားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ​တွေကို အပစ်အခတ်ရပ်စဲပြီး  လုပ်သွားဖို့၊  ရွေးကောက်ပွဲ လုပ်ငန်းစဉ်ရဲ့ ယုံကြည်စိတ်ချရမှုကို သေချာစေဖို့အတွက် သီးခြားနိုင်ငံရေး အင်အားစု​တွေကို ချန်လှပ်မထားဘဲ ပေါင်းစပ်ရွေးကောက်ပွဲစီမံခန့်ခွဲမှု ကော်မတီတရပ်ကို ဖွဲ့စည်းသင့်တယ်လို့ အဲဒီလွှတ်တော်အမတ်တွေက တောင်းဆိုပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်အနေနဲ့ နိုင်ငံတဝန်းက လူနည်းစုအပါအဝင် လူသားချင်းစာနာထောက်ထားမှု အကူအညီ​တွေ ထိန်းချုပ်မထားဖို့ကိုလည်း ထည့်သွင်းတောင်းဆိုခဲ့ကြပါတယ်။

တောင်ကိုရီးယားအမျိုးသားလွှတ်တာ်မှ ဒီမိုကရက်တစ်ပါတီအမတ် အီယုန်ဆောန်က “အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု​တွေကို တရားမျှတအောင် ကြိုးပမ်းမှုတိုင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ​တွေ၊ နိုင်ငံရေး ဆွေးနွေးမှု​တွေနဲ့ ပြည်သူ​တွေရဲ့ ဆုံး​ဖြတ်ချက်နဲ့ ဒီမိုကရေစီပြန်လည်ထူထောင်ရေးတို့ကပဲ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ဆုံးဖြတ်နိုင်တဲ့ တခုတည်းသောနည်းလမ်း ဖြစ်တယ်လို့ ယုံကြည်ပါတယ်” လို့ ပြောပါတယ်။

ဒေါ်ဇင်မာအောင်က ကိုရီးယားအမျိုးသားလွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံချိန်မှာ စစ်အုပ်စုက လုပ်မဲ့ ရွေးကောက်ပွဲကို ရှုတ်ချဖို့နဲ့ ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေကို လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ အထူးနေထိုင်ခွင့်ဗီဇာ  ဆက်ပေးဖို့ စတာတွေ ထည့်သွင်း တောင်းဆိုခဲ့တယ်လို့ အဲဒီနိုင်ငံရှိ NUG ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013