
ကမ္ဘာ့ရွှေဈေး အမြင့်ဆုံးစံချိန်ကို ပြန်လည်ရောက်ရှိလာပြီးနောက် မြန်မာ့ရွှေပြင်ပပေါက်ဈေးမှာလည်း တကျပ်သားကို ကျပ်သိန်း ၉၀ ကျော်လာတယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။
ကမ္ဘာ့စီးပွားရေးနဲ့ ပထဝီဝင်နိုင်ငံရေး မသေချာမရေရာမှုတွေအပြင် အမေရိကန်ဒေါ်လာဆက်လက် အားနည်းလာမှုတွေကြောင့် နိုင်ငံတကာရွှေဈေး အမြင့်ဆုံးစံချိန်ကို ရောက်ရှိလာတာလို့ ရွှေဈေးကွက် ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
ပြည်တွင်းရွှေဈေးကလည်း ကမ္ဘာ့ရွှေဈေးနည်းတူ လိုက်ပါမြင့်တက်နေပြီး ဒီကနေ့မှာ တကျပ်သားကို ကျပ်သိန်း ၉၀ ကျော် ပေါက်ဈေးရှိနေပါတယ်။
ဒါပေမဲ့ စစ်ကောင်စီ သတ်မှတ်တဲ့ ရွှေရည်ညွှန်းဈေးကတော့ ၅၉ သိန်း ၉ သောင်းကျပ် ဖြစ်ပြီး ပြင်ပ ရွှေပေါက်ဈေးနဲ့ ကျပ်သိန်း ၃၀ ဝန်းကျင် ဈေးကွာဟချက်ရှိနေပါတယ်။
ပြည်တွင်းနိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာဈေးကတော့ ကျပ် ၄,၀၀၀ ပေါက်ဈေးရှိပြီး အနည်းငယ် ပြန်ကျဆင်းနေတာ တွေ့ရပါတယ်။


