Home
မြန်မာသတင်း
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်မည်ဟု ဒုစစ်ခေါင်းဆောင် ပြော
DVB
·
December 17, 2025

ကချင်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ဖို့ သဘာဝတရားက ကြီးမားစွာ ဖန်တီးပေးထားတဲ့အတွက် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်သွားမယ်လို့ ဒုစစ်ခေါင်းဆောင်က ပြောပါတယ်။

ဒီဇင်ဘာ ၁၆ ရက်က မြစ်ကြီးနားမြို့ အစိုးရအဖွဲ့ရုံးမှာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့တွေ့ဆုံစဥ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း က ပြောဆိုခဲ့တာပါ။

“လျှပ်စစ်ဓာတ်အားကို ရေအား၊ လေအား၊ နေရောင်ခြည်စွမ်းအား၊ ကျောက်မီးသွေးနဲ့သဘာဝဓာတ် ငွေ့များမှ ထုတ်လုပ်ကြပြီး မြန်မာနိုင်ငံ၌ တယူနစ် ထုတ်လုပ်မှုတန်ဖိုးသည့် ရေအားလျှပ်စစ်မှ ပျမ်းမျှ ၈၂ ကျပ်၊ နေရောင်ခြည်စွမ်းအင်မှ တယူနစ် ၁၇၁ ကျပ်၊ သဘာဝဓာတ်ငွေ့မှ ၂၃၅ ကျပ်၊ ကျောက်မီးသွေးမှ ၂၁၅ ကျပ် ကျသင့်ပြီး ရေအားလျှပ်စစ်က အသက်သာဆုံးဖြစ်တာကြောင့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်အကောင်ထည်ဖော်ဆောင်ရွက်သွားမယ်။” 

ဒါ့အပြင် စီမံကိန်းစတင်စဥ်က ငလျင်ကြောပေါ်တွင် ရှိနေတဲ့အတွက် တမံပြိုကျပြီး အန္တရာယ်ဖြစ်မှာ ဒေသခံတွေ စိုးရိမ်မှုကြောင့် စီမံကိန်းကို ရပ်တန့်ခဲ့ရပြီး အခုတည်ဆောက်မဲ့ ဒီဇိုင်းမှာ စစ်ကိုင်းပြတ်ရွှေ့ကြောမှ ၂၅ ဒသမ ၄ ကီလိုမီတာအကွာမှာ ရှိတဲ့အတွက် မူလဒီဇိုင်းအရ  ငလျင်ပြင်းအား  ရစ်ချ်တာစကေး  ၇ ဒသမ ၁ ကို ခံနိုင်ရည်ရှိတယ်လို့ ဒုစစ်ခေါင်းဆောင်က ရှင်းပြပါတယ်။

အဆိုပါ စီမံကိန်းကို မေခ၊ မလိခ မြစ်တလျှောက် စီမံကိန်း ၆ ခုအနက် မြစ်ဆုံမှာ မဂ္ဂါဝပ်   ၆၀၀၀ အပါအဝင် စုစုပေါင်း ၁၉၀၉၉ မဂ္ဂါဝပ် စီမံကိန်းရေး ဆွဲထားပြီး ချီဖွေငယ်ကနေ မြစ်ဆုံကို စတင်ခဲ့တာလို့လည်း ဆိုပါတယ်။

မြစ်ဆုံစီမံကိန်းပြန်လည်စတင်ဖို့ ဆွေးနွေးပွဲကို ဒုစစ်ခေါင်းဆောင်၊ ဌာနဆိုင်ရာတွေနဲ့ လုပ်ငန်းရှင်တွေတွေ့ဆုံပြီး ပြောခဲ့တဲ့အတွက် အမှန်တကယ်လုပ်ကိုင်လာပါက ကန့်ကွက်သွားမယ်လို့ မြစ်ကြီးနားမြို့ခံတယောက်က DVB ကို ပြောပါတယ်။

“ပြည်သူလူထုမပါဘူး။ ဒုချုပ်နဲ့ ဌာနဆိုင်ရာ အစိုးရအဖွဲ့တွေတွေ့တာ။ မြစ်ဆုံစီမံကိန်းပြန် လုပ်မယ်ဆိုပြီး စကားစသွားတာ။ တကယ်တမ်းလုပ်ခဲ့မယ်ဆိုရင် ဒေသခံတွေက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီး ကန့်ကွက်သွားမှာ။”

ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်မှာလည်း စစ်ခေါင်းဆောင်က လျှပ်စစ်စွမ်းအားဒုဝန်ကြီး ဦးဆောင်တဲ့ ဧရာ၀တီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကို ၁၃ ယောက်နဲ့ဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့ဟာ တရုတ်ယူနန်ပြည်နယ်မှ SPIC Yunan International Power Investment Co.,Ltd (SPICYN) နဲ့အတူ ပူးပေါင်းဆောင်ရွက်မယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဧရာဝတီမြစ်ဆုံစီမံကိန်းကို ၂၀၀၂ ခုနှစ် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်ကတည်းက လေ့လာကာ တရုတ် CPI ကုမ္ပဏီနဲ့ အကျိုးတူလုပ်ကိုင်ခဲ့ပြီး ဒေသခံနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက ကန့်ကွက်မှုကြောင့် ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်မှာ ဦးသိန်းစိန်အစိုးရက ရပ်နားခဲ့တာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013