
ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ပြီး မိမိကောင်းစားရေးအတွက် အဂတိလိုက်စားတဲ့ ဝန်ထမ်းတွေကြောင့် စစ်ကောင်စီ သိက္ခာကျရပြီး မသမာတဲ့လုပ်ရပ်တွေမှာ ပါဝင်တဲ့ နိုင်ငံဝန်ထမ်းတွေကို အရေးယူသွားမယ်လို့ ဒုစစ်ခေါင်းဆောင်က ပြောပါတယ်။
ဇူလိုင် ၃၀ ရက်က နေပြည်တော်ကောင်စီနယ်မြေ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမမှာ ကျင်းပတဲ့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။
ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက “တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဆောင်ရွက်ရာမှာ ဌာနဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းတွေက တရားမဝင် တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို သိလျက်နဲ့ ဖမ်းဆီးခြင်းမပြုဘဲ ငွေကြေးရယူပြီး လွှတ်ပေးတာကြောင့် နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အခွန်အခမရဘဲ အဂတိလိုက်စားတဲ့ ဝန်ထမ်းအဖွဲ့အစည်းကသာ အကျိုးစီးပွားဖြစ်နေတဲ့အတွက် စည်းကမ်းဖောက်ဖျက်တဲ့ ဝန်ထမ်းတွေကို အရေးယူသွားမှာ” လို့ ပြောဆိုခဲ့ပါတယ်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရာမှာ ဝန်ထမ်းတွေအနေနဲ့ တဦးချင်းရဲ့အရေးကိစ္စထက် အဖွဲ့အစည်းကို ဦးစားပေးရမှာဖြစ်ပြီး အဖွဲ့အစည်းနဲ့ နိုင်ငံတော်ယှဥ်လာပါက နိုင်ငံတော်ကို ဦးစားပေးရမှာဖြစ်တယ်လို့ ဒုစစ်ခေါင်းဆောင်က ဆိုပါတယ်။
အခုနှစ် မေလနဲ့ ဇွန်လအတွင်း ရန်ကုန်၊ ရှမ်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ တရားမဝင်ကုန်ပစ္စည်း အများဆုံးဖမ်းမိခဲ့ပြီး ဖမ်းမိတဲ့ကုန်ပစ္စည်းတွေမှာ လိုင်စင်မဲ့ မော်တော်ယာဉ်၊ တရားမဝင် ကုန်စည်တင် မော်တော်ယာဉ်နဲ့ ရေယာဉ်၊ ကုန်ကြမ်းပစ္စည်းတွေ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းတွေ ဖြစ်တယ်လို့ ဒုစစ်ခေါင်းဆောင်က ရှင်းပြပါတယ်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီကို စစ်ကောင်စီက ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ဖွဲ့စည်းခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၅ ခုနှစ် ဇွန်အထိ သုံးနှစ်ခွဲတာ ကာလအတွင်း တရားမဝင်ကုန်ပစ္စည်း ဖမ်းဆီးရမိ ခန့်မှန်းတန်ဖိုး ကျပ် ၆၆၃ ဘီလီယံကျော် ရှိတယ်လို့ ဒုစစ်ခေါင်းဆောင်က ပြောပါတယ်။


