
အာဏာသိမ်း စစ်တပ်ကကျင်းပမဲ့ ရွေးကောက်ပွဲကို နှောင့်ယှက်တယ်ဆိုပြီး လူပေါင်း ၂၀၀ ကျော်ကို အမှုဖွင့် ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
ဒီဇင်ဘာ ၁၆ ရက်ကလုပ်တဲ့ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ ပြောခဲ့တာလို့ စစ်ကောင်စီ ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
တိုင်းနဲ့ ပြည်နယ်အသီးသီးကနေ ဒီဇင်ဘာ ၁၅ ရက်အထိ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ အရေးယူတာ အမှုပေါင်း ၁၄၀ ကနေ အမျိုးသား ၂၀၁ ယောက်၊ အမျိုးသမီး ၂၈ ယောက်၊ စုစုပေါင်း ၂၂၉ ယောက်ရှိခဲ့ပြီး ဆက်ပြီးတော့လည်း စုံစမ်းဖော်ထုတ်အရေးယူဖို့လိုတယ်လို့ ပြောပါတယ်။
ဗဟိုကော်မတီအနေနဲ့ ရွေးကောက်ပွဲလုပ်မဲ့ အပိုင်းလိုက် တနိုင်ငံလုံးလွှမ်းခြုံတဲ့ လုံခြုံရေးစီမံချက်၊ ဆက်စပ်လုပ်ရမဲ့ တခြားလုံခြုံရေးစီမံချက် ၈ မျိုး၊ တခြားအခြေအနေတွေအတွက် ရေးဆွဲထားတဲ့ သီးခြားစီမံချက် ၁၁ မျိုးတို့ကို ရေးဆွဲထားပြီးလို့ လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့လည်း လိုတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲကာလမှာ ပြည်ထဲရေး ကွပ်ကဲမှုအောက်က တပ်ဖွဲ့၊ ဦးစီးဌာနတွေအနေနဲ့ စစ်တပ်၊ ပြည်သူ့စစ်အဖွဲ့တွေ၊ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့တွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပေါင်းစပ်ပြီး အရှိန်မြှင့်လုပ်သွားကြဖို့လည်း ပြောပါတယ်။
စစ်တပ်ဟာ လွတ်လပ်မျှတဲ့ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြွေးကြော်နေပေမဲ့ တဖက်မှာတော့ သူတို့လုပ်မဲ့ရွေးကောက်ပွဲကို ဖေ့စ်ဘွတ်ခ်ကနေ ဝေဖန်ရုံနဲ့ အနုပညာသမားတွေ၊ ပြည်သူတွေကို အမှုဖွင့်ဖမ်းဆီးထားသလို မဲဆွယ်ဆိုင်းဘုတ် ထိခိုက်အောင်လုပ်သူတွေ၊ ကော်မရှင်ရုံးအကူနဲ့ ဆိုင်ကယ်တိုက်မိလို့ လက်သီးနဲ့ထိုးသူတွေကိုပါ ဖမ်းဆီနေတာဖြစ်ပါတယ်။


