
အမေရိကန်နိုင်ငံသား ဓာတ်ပုံနဲ့ ဗီဒီယိုသတင်းထောက် ကောလင်းမေဖီးလ်ဟာ ချင်းပြည်နယ်မြောက်ပိုင်းမှာ သတင်းရယူရင်း မြေမြှုပ်မိုင်းနင်းမိလို့ ထိခိုက်ဒဏ်ရာ ရရှိသွားကာ ဆေးကုသမှု ခံယူနေရပါတယ်။
သူဟာ ချင်းဒေသကာကွယ်ရေးတပ် (PDF Zoland) နဲ့အတူ လခွဲကြာ သတင်းလိုက်ယူနေသူ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်က တီးတိန်မြို့နယ်၊ ကနေဒီတောင်အနီးမှာ အခုလို မိုင်းနင်းမိခဲ့တာပါ။
အဆိုပါနေရာဟာ စစ်ကောင်စီတပ်တွေ သိမ်းပိုက်ပြီးနောက် မကြာခင်ကမှ ပြန်လည်စွန့်ခွာသွားတဲ့ ရဲကင်းစခန်း ဖြစ်ပါတယ်။
လတ်တလော အိန္ဒိယနိုင်ငံက ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ မေဖီးလ်က သူရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်လို့ DVB ကို ပြောပါတယ်။
“ကျနော် ကံကောင်းလို့ ခြေချောင်း ၂ ချောင်းနဲ့ ခြေဖဝါးအစိတ်အပိုင်းပဲ ဆုံးရှုံးခဲ့တာပါ။ တကယ်လို့ ခြေဖနောင့်နဲ့သာ နင်းမိရင် ခြေထောက်တဖက်လုံး ပြတ်သွားနိုင်ပါတယ်။ လက်ကတော့ ပွန်းရုံပဲဆိုတော့ လက်ချောင်းတွေကို သုံးလို့ရပါတယ်။ လက်က တနေ့ နည်းနည်းစီ လှုပ်ရှားလို့ ရလာပါတယ်။”
လက်ရှိမှာတော့ မေဖီးလ်ကို မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့က ဆေးရုံတခုမှာ ခွဲစိတ်ကုသပေးထားပါတယ်။
ဒီဖြစ်ရပ်ဟာ မြန်မာနိုင်ငံရဲ့ မြေမြှုပ်မိုင်းအန္တရာယ် ဘယ်လောက်ကြီးမားနေလဲ ဆိုတာကို မီးမောင်းထိုးပြနေပါတယ်။
မြေမြှုပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့ Landmine Monitor Report ၂၀၂၅ အစီရင်ခံစာအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှု အများဆုံးနိုင်ငံ ဖြစ်လာတယ်လို့ သိရပါတယ်။


