
မြန်မာနိုင်ငံရဲ့ ပဋိပက္ခဒဏ်သင့်ဒေသတွေမှာ မြေမြှုပ်မိုင်းတွေနဲ့ စစ်လက်ကျန် ပေါက်ကွဲပစ္စည်းတွေဟာ ဘဝတခုလုံးကို ပြောင်းလဲစေတဲ့ ထိခိုက်ဒဏ်ရာတွေ ဆက်ဖြစ်နေစေပါတယ်။
ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ အဆိုအရ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်မှာပဲ မြန်မာနိုင်ငံမှာ ထိခိုက်ဒဏ်ရာရသူ ၃၅၇ ယောက်ရှိတယ်လို့ ဆိုပါတယ်။
ရှင်သန်ကျန်ရစ်သူ အများအပြားဟာ လှုပ်ရှားသွားလာနိုင်စွမ်းနဲ့ ကိုယ့်ကိုယ်ကိုယ် မှီခိုရပ်တည်နိုင်စွမ်း ပြန်ရဖို့အတွက် ခက်ခဲကြမ်းတမ်းတဲ့ခရီးရှည်ကို ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၃ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့မှာ မြေမြှုပ်မိုင်းဒဏ်ခံရပြီး ရေရှည် ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးနဲ့ ဘဝကို ပြန်တည်ဆောက်နေသူတွေရဲ့ အခြေအနေ ပြောစကားတွေကိုလည်း မျှဝေထားပါတယ်။
ရှမ်းပြည်နယ်က ဒေါ်နန်းဌေးဟာ ဆီဆိုင်မြို့နယ်မှာရှိတဲ့ သူ့သူငယ်ချင်းရဲ့ ရောင်းမဲ့အိမ်ကို လိုက်ပြပေးရင်း မြေမြှုပ်မိုင်းနင်းမိဒဏ်ရာရလို့ အလုပ်မလုပ်နိုင်ဘဲ လပေါင်းများစွာ စိတ်ပျက်အားငယ်နေခဲ့ရပါတယ်။
သူက “လက်ဆေးဖို့ ရေတိုင်ကီနားကိုသွားခဲ့ပြီး ပြန်လှည့်လာတဲ့အချိန်မှာ မြေမြှုပ်မိုင်း ပေါက်ကွဲသွားတာပါ။ ဒီကို မရောက်ခင်ကတော့ ကျမ လုံးဝလက်လျှော့ထားခဲ့တာပါ။ အခု ခြေတုရပြီဆိုတော့ အတတ်နိုင်ဆုံး ကြိုးစားသွားပါ့မယ်” လို့ ပြောပါတယ်။
ဒေါ်နန်းဌေးဟာ ကျိုင်းတုံမြို့မှာရှိတဲ့ ICRC က ပံ့ပိုးပေးတဲ့ ဝန်ဆောင်မှုတွေကတဆင့်ရတဲ့ ခြေတုနဲ့ သူ့ဘဝကို ပြန်တည်ဆောက်ပြီး ဈေးရောက်ဖို့ စီစဉ်နေပါတယ်။
မြေမြှုပ်မိုင်းတွေနဲ့ စစ်လက်ကျန်ပေါက်ကွဲပစ္စည်းတွေကြောင့် ဒဏ်ရာရသူတွေထဲမှာ ကလေးငယ် ၃ ပုံ ၂ ပုံလောက်ပါပြီး ကချင်ပြည်နယ်က မောင်ခမ်းဂျေကတော့ အိမ်ခြံထဲမှာ သူ့ညီမနဲ့ ကစားနေတုန်း မိုင်းနင်းမိခဲ့တာပါ။
ပေါက်ကွဲမှုကြောင့် ခြေထောက်ပြတ်တောက်ခဲ့ပြီး အခုတော့ သူဟာလည်း မြစ်ကြီးနားက ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးစင်တာမှာ ခြေတုတပ်ဆင်ပြီးလို့ လမ်းလျှောက်ဖို့ သင်ယူနေပါတယ်။
သူ့ရဲ့အဖေက “ရုပ်ပိုင်းဆိုင်ရာ ကုထုံးပညာရှင်ဟာ စိတ်ရှည်ပြီး ကြင်နာတတ်သူပါ။ ကျနော့်သားကို သူ့ရဲ့ မောင်အရင်းလိုမျိုး ဆက်ဆံပေးပါတယ်” လို့ ပြောပါတယ်။
ပဲခူးတိုင်းက ကလေးနှစ်ယောက်မိခင် မမြင့်မြင့်ခိုင်ဟာလည်း ရွာနားက ပဲခင်းမှာ ပဲကောက်နေတုန်း မိုင်းနင်းမိပြီး ခြေထောက်ပြတ်ခဲ့ပါတယ်။
မမြင့်မြင့်ခိုင်က “ပထမတော့ ပြင်းပြင်းထန်ထန် တုန်ခါမှုပဲ ခံစားလိုက်ရတယ်။ ပြီးတော့မှ ကျမရဲ့ ခြေထောက် လွင့်စဉ်သွားတာကို တွေ့လိုက်ရတယ်။ အကူအညီတောင်းဖို့ ကြိုးစားပေမဲ့ တခြားသူတွေက အနားလာဖို့ ကြောက်လို့ ထွက်ပြေးသွားကြတယ်။ ကျမတယောက်တည်း ကန်သင်းရိုးဆီကို ခုန်ပြီး သွားခဲ့ရတယ်။ ဆေးရုံရောက်မှ မျက်လုံးလည်း ဒဏ်ရာရထားမှန်း သိလိုက်ရတယ်” လို့ ပြောပါတယ်။
အခုတော့ သူဟာ ဖာပွန်မြို့က ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးစင်တာမှာ ကုသနေပြီး ခြေတုတပ်ပြီးနောက် မျှော်လင့်ချက်ရှိပြီး အားဖြစ်ရတယ်လို့ ဆက်ပြောပါတယ်။
၂၀၂၁ ခုနှစ်ကစလို့ မသန်စွမ်းသူပေါင်း ၁၉,၀၀၀ ကျော်ဟာ မြန်မာနိုင်ငံမှာ ICRC ပံ့ပိုးပေးထားတဲ့ ပြန်လည်ထူထောင်ရေးစင်တာတွေကနေ အကူအညီတွေ ရခဲ့ကြပြီး ICRC ဟာ ခြေတုထုတ်လုပ်ရေးနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို သင်တန်းပေးဖို့လည်း ပံ့ပိုးထားတယ်လို့ ထုတ်ပြန်ပါတယ်။
ကမ္ဘာ့မြေမြှုပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့ရဲ့ ဒီဇင်ဘာ ၁ ရက်နေ့ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ကြောင့် ထိခိုက်သေဆုံးတာ အများဆုံးဖြစ်ပြီး ၂၀၂၄ ခုနှစ်တုန်းက လူပေါင်း ၂,၂၀၀ ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။


