
ဟောင်ကောင် မီဒီယာလုပ်ငန်းရှင်ကြီး တရုတ်ဝေဖန်ရေးဆရာ ဂျင်မီလိုင်ဟာ အမျိုးသားလုံခြုံရေးဆိုင်ရာ စွဲချက်တွေနဲ့ နှစ်ပေါင်းများစွာကြာအောင် ရုံးတင်စစ်ဆေးခံနေရပြီး စီရင်ချက်မတိုင်မီ ဒီဇင်ဘာ ၁၅ ရက်မှာ ဟောင်ကောင်တရားရုံးဆီ ရောက်လာခဲ့ပါတယ်။
ဟောင်ကောင်အကျဉ်းထောင်က ယာဉ်တန်းဟာ ဒီဇင်ဘာ ၁၅ ရက်မှာ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး တပ်ဖွဲ့ဝင်တွေ အပါအဝင် လုံခြုံရေးတွေ ထူထူထပ်ထပ် စောင့်ကြပ်နေတဲ့ တရားရုံးဝင်းထဲ မောင်းနှင် ဝင်ရောက်လာခဲ့ပါတယ်။
အသက် ၇၈ နှစ်အရွယ် လိုင်ဟာ နိုင်ငံခြားတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကြံစည်မှု စွဲချက် ၂ ခုနဲ့ ပုန်ကန်လှုံ့ဆော်ရေး အကြောင်းအရာတွေ ထုတ်ဝေဖို့ ပူးပေါင်းကြံစည်မှု စွဲချက်တခုအတွက် အပြစ်မရှိဘူးလို့ ပြောထားပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ်တသက် ကျခံရနိုင်ပါတယ်။
၂၀၁၉ ခုနှစ် ဟောင်ကောင်ဆန္ဒပြပွဲတွေအပြီး တရုတ်ပြည်မကြီးအစိုးရရဲ့ နှိမ်နင်းမှုနောက်ပိုင်းမှာ တိတ်ဆိတ်နေဖို့ ဂျင်မီလိုင်က ငြင်းဆိုခဲ့တာပါ။
ဂျင်မီလိုင်ဟာ ပြည်တွင်း ပြည်ပမှာ အာဏာရှင်စနစ်ရဲ့ အန္တရာယ်တွေကို ဆက်သတိပေးခဲ့တဲ့ ကိုယ်တိုင်အောင်မြင်ကျော်ကြားတဲ့ သန်းကြွယ်သူဌေးတယောက်လည်း ဖြစ်ပါတယ်။
Source: Reuters


