Home
နိုင်ငံတကာ
သူဌေးကြီး ဂျင်မီလိုင်အပေါ် စီရင်ချက်ချမှု အနောက်နိုင်ငံများ ဝေဖန်သည့်ပေါ် တရားသူကြီး တုံ့ပြန်
DVB
·
January 23, 2024
HongKong_23012024

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ဩဇာကြီးတဲ့ သူဌေးကြီး ဂျင်မီလိုင်ကို တရုတ်ပြည်မကြီး အစိုးရက အမျိုးသားလုံခြုံရေးဥပဒေနဲ့ မှတ်လောက်သားလောက် တရားစီရင်ချက်ချတဲ့အပေါ် အနောက်နိုင်ငံတွေက ပိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်လာပြီးတဲ့နောက် ဟောင်ကောင်ရဲ့ ထိပ်တန်းတရားသူကြီးက တရားရုံးတွေကို ခုခံကာကွယ်ရင်း ဇန်နဝါရီ ၂၂ ရက် ညမှာ ရှားရှားပါးပါး မှတ်ချက်ပေးလိုက်ပါတယ်။

ကမ္ဘာ့ဘဏ္ဍာရေး အချက်အချာကျတဲ့ ဟောင်ကောင်ရဲ့ နောက်ဆုံးအယူခံ တရားရုံးကို ဦးစီးတဲ့ တရားသူကြီးချုပ် အင်ဒရူးချန်းက တရားရုံးတွေဟာ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ရိုးရိုးရှင်းရှင်း မျက်စိစုံမှိတ် အပြစ်ပေးနေတာမဟုတ်ဘဲ အခြေခံအခွင့်အရေးတွေကို လေးစားမယ်လို့ ပြောခဲ့တာပါ။

တရားရုံးတွေဟာ ပြစ်ဒဏ်ချမှတ်ဖို့ ဒါမှမဟုတ် တရားသေလွှတ်ဖို့ ဘယ်ဖိအားကိုမှ လက်လျှော့မှာ မဟုတ်သလို နှောင့်ယှက် ခြိမ်းခြောက်တာမျိုးတွေကိုလည်း ဂရုပြုမှာ မဟုတ်ဘူးလို့ တရားသူကြီးတွေ၊ ဦးဆောင်ရှေ့နေတွေ၊ သံတမန်တွေနဲ့ ပညာရှင်တွေရှေ့မှာ ချန်းက ပြောခဲ့တာပါ။

တရုတ်ကွန်မြူနစ်ပါတီကို ထိပ်တန်းဝေဖန်သူ အသက် ၇၆ နှစ်အရွယ် လိုင်က ပြည်ပတပ်ဖွဲ့တွေနဲ့ပေါင်းပြီး တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေတယ် ဆိုတဲ့ စွဲချက်တွေအတွက် အပြစ်မရှိဘူးလို့ ပြောဆို ငြင်းခုံခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ တရုတ်ပြည်မကြီး အစိုးရက ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေး ဥပဒေအောက်မှာ လိုင်ရဲ့အမှုကို မြို့တော်ရဲ့ တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုနဲ့ လွတ်လပ်ခွင့်တွေအတွက် အဓိကစမ်းသပ်မှုအဖြစ် နိုင်ငံခြားသံတမန်တွေ၊ ပညာရှင်တွေနဲ့ ပြည်တွင်းရှေ့နေတချို့က ရှုမြင်ကြပါတယ်။

ဗြိတိန်နိုင်ငံကလည်း သူ့စိုးရိမ်မှုကို အရှိန်မြှင့်လိုက်ပြီး ဒီဇင်ဘာလမှာ တရားစီရင်မှု ပြန်စချိန်မှာ ဗြိတိန်နိုင်ငံသား လိုင်ကို ပြန်လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းက အတိအလင်း တောင်းဆိုခဲ့ပါတယ်။

လိုင်ကိုလွှတ်ပေးဖို့ အမေရိကန်တာဝန်ရှိသူတွေက တောင်းဆိုခဲ့ကြသလို ဟောင်ကောင် တရားသူကြီးတွေနဲ့ အမျိုးသားလုံခြုံရေး တရားစွဲဆိုမှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ ဟောင်ကောင်တရားသူကြီးတွေ၊ အရာရှိတွေကို ပိတ်ဆို့အရေးယူဖို့ ဥပဒေမူကြမ်းတရပ်ကို နှစ်ဖက်ပါတီဝင်တွေပါတဲ့ အမေရိကန်လွှတ်တော်အမတ်အဖွဲ့ တဖွဲ့က နိုဝင်ဘာလမှာ တင်သွင်းခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013