ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းအစပ်မှာရှိတဲ့ မိုးကုတ်မြို့အနီးဝန်းကျင်မှာ တိုက်ပွဲတွေမရှိပေမဲ့ စိုးရိမ်ကြတဲ့ မြို့ခံတချို့ကတော့ ကြိုတင်စစ်ရှောင်နေကြပြီလို့ ဒေသခံတွေနဲ့ လူမှုကူညီရေးတာဝန်ရှိသူတချို့က ပြောပါတယ်။
အခုကြိုတင် စစ်ရှောင်ကြသူအများစုဟာ ငွေကြေးတတ်နိုင်ပြီး စိုးရိမ်နေကြသူတွေနဲ့ မြို့ အရှေ့ဘက်ခြမ်းကသူတွေ အများစုဖြစ်တယ်လို့ မြို့ခံတစ်ယောက်က ပြောပြပါတယ်။
မြို့ခံ ရပ်မိရပ်ဖတဦးက “အခုက သွားတာတော့ တော်တော်များများ တွေ့နေတာပဲ။ ဘယ်တွေက ရှောင်လည်းတော့ မသိဘူး။ ဘယ်ရပ်ကွက်တွေကနေ။ ဒီရက်ပိုင်းမှ၊ မနေ့ကနဲ့ ဒီနေ့ မနက် ပိုများတယ် ပြောင်းနေတာ။ မန္တလေးဘက်၊ ဒီကကားတောင်မှ အိမ်ကားတွေရော၊ ဒီပြင်ကားတွေရော ငှားပြီးသွားနေကြတာ။ မြို့ထဲမှာရှိတဲ့ကားတွေရော ငှားပြီးသွားနေကြတာ”လို့ ပြောပါတယ်။
မိုးကုတ်မြို့ကိုအရှေ့ခြမ်းနဲ့ အနောက်ခြမ်းဆိုပြီး မြို့ခံတွေကခေါ်ကြပါတယ်။ ကျပ်ပြင်ဘက်၊ မန္တလေးသွားရာဘက်ကို မြို့အနောက်ခြမ်းလို့ပြောကြပြီး မိုးမိတ်နဲ့ထိစပ်နေတဲ့ဘက်ကိုတော့ မြို့အရှေ့ခြမ်းလို့ ခေါ်ကြပါတယ်။
ဇန်နဝါရီ ၂၂ ရက်ကလည်း မိုးကုတ်မြို့အနောက်ပိုင်းမှာရှိတဲ့ ဘောလုံးကြီးရွာ၊ ဘောလုံးလေးရွာ တွေဘက်ကနေ လက်နက်ကြီးသံ ၆ ချက်လောက်ကြားရတယ်လို့ မြို့ခံကဆိုပါတယ်။
မိုးကုတ်နဲ့ မိုးမိတ်အစပ် မိုးကုတ်မြို့နယ်အရှေ့ခြမ်းက ပိန်းပြစ်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ လူ ၂ ဦးသေဆုံးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နောက်ပိုင်းမှာ စစ်ရှောင်သူတွေပ ပိုမိုများလာတာလို့ တခြားမြို့ခံတတယောက်က ပြောပြပါတယ်။
မိုးကုတ်မြို့ကနေ ၈ မိုင်လောက်ဝေးတဲ့ ပိန်းပြစ်ကျေးရွာမှာဆိုရင် ဒီဖြစ်စဉ်နောက်ပိုင်း အိမ်စောင့်လောက်ပဲချန်ပြီး မြို့ပေါ်နဲ့ တခြားနီးစပ်ရာတွေဆီ စစ်ရှောင်နေကြပြီလို့ဆိုပါတယ်။
မြို့ခံတဦးက “တချို့ကျတော့ ဘုန်းကြီးကျောင်းတို့၊ ခရစ်ယာန်ကျောင်းတွေမှာတော့ နေကြတယ်။ တချို့က ကိုယ့်အမျိုးရှိရင် ဥပမာ-လာနေတယ်။ အဲလိုမျိုးပေါ့။ မိုးကုတ်ကလည်း တချို့ ပိုက်ဆံချမ်းသာတဲ့သူတွေတော့ မန္တလေးဘက်၊ ရန်ကုန်ဘက် သွားနေကြပြီပေါ့။ ကျနော်တို့ကတော့ ပြေးစရာနေရာမရှိတော့ ကိုယ့်အိမ်ထဲမှာပဲနေပေါ့” လို့ ပြောပါတယ်။
တခြား မိုးကုတ်မြို့ခံတစ်ယောက်ကတော့ မိုးကုတ်မြို့ထဲမှာ စာသင်ကျောင်းတွေ ဖွင့်လှစ်နေတုန်း ဖြစ်သလို အသွားအလာမပြတ်ဘဲ အရင်အတိုင်း စည်စည်ကားကားရှိနေတယ်လို့ ဆိုပါတယ်။
မိုးကုတ်မြို့ခံ၊ မြို့လယ်မှာနေသူတဦးက “မိုးကုတ်မြို့ထဲမှာတော့ အေးဆေးပဲ။ ကျနော် အခုပဲ လက်ဖက်ရည်ဆိုင်မှာ။ နည်းနည်းလေး သေနတ်သံတွေ ဘာတွေ ကြားရင်တော့ ပျောက်သွားတာပေါ့။ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတာ။ ဒီကျောက်ရောင်းတဲ့ နေရာတွေဆိုရင်လည်း မနက်က လှမ်းကြည့်တာတော့ ဆိုင်ကယ်အစီး ၅၀၊ ၁၀၀ ဝန်းကျင်တော့ ရှိတာပေါ့။ ကျနော်သုံးသပ်တာတော့ ကျောက်အရောင်းအဝယ်တွေပါ လုပ်နေသေးရင်တော့ သိပ်တော့ ဟဲဗီးကြီးတော့ မဖြစ်သေးဘူးပေါ့။ အဲဒီလိုပဲ ယူဆရမှာပေါ့”လို့ ပြောပါတယ်။
မိုးကုတ်နဲ့ မိုးမိတ်ကြား ၉ မိုင်နဲ့ လွယ်ဆာကုန်ကျေးရွာအနီးတဝိုက်ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့ပြီး ဒီရက်ပိုင်း တိုက်ပွဲ ၁ ကြိမ်ရှိခဲ့တယ်လို့ TNLA ထုတ်ပြန်ထားပါတယ်။
စိုးသူအောင်