တရုတ်နိုင်ငံအနောက်စွန်းက ရှင်းကျန်းပြည်နယ်နဲ့ ကာဂျစ္စတန်နိုင်ငံတို့ကြား နယ်စပ်ဒေသမှာ ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၁ ရှိတဲ့ ငလျင်ကြီး ဇန်နဝါရီ ၂၃ ရက် မနက်အစောပိုင်းက လှုပ်ခတ်အပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ စလုပ်နေပြီလို့ တရုတ်အစိုးရရုပ်သံ CCTV က ထုတ်ပြန်ပါတယ်။
အပူပေးမီးဖိုတွေ၊ ခေါက်ခုတင်တွေ၊ မွေ့ယာတွေ၊ စောင်တွေ၊ ကုတ်အင်္ကျီတွေ၊ ယာယီတဲတွေကို ပံ့ပိုးရင်း ဌာနအတော်များများက ငလျင်ဘေး ညှိုနှိုင်းဆောင်ရွက်နေတယ်လို့ တရုတ် အရေးပေါ်စီမံရေးဝန်ကြီးဌာနက ပြောပါတယ်။
ကယ်ဆယ်ရေးဝန်ထမ်းတွေက ယာယီတဲတွေကို ဆင်နေပြီး ငလျင်ဘေးမှာ ရှင်သန် ကျန်ရစ်သူတွေက ကယ်ဆယ်ရေးစခန်းတွေထဲက တဲတွေထဲမှာ နေရာချနေပုံကို CCTV က ထုတ်လွှင့်ခဲ့ပါတယ်။
ငလျင်ဟာ တောင်ထူတဲ့ နယ်စပ်ဒေသ ဝူရှီး စီရင်စုမှာ မြေအောက်အနက် ၁၃ မိုင်ကို ဗဟိုပြုပြီး ဒေသစံတော်ချိန် မနက် ၂ နာရီ ၉ မိနစ်မှာ လှုပ်ခတ်ခဲ့တာ ဖြစ်တယ်၊ လူအတော်များများ ဒဏ်ရာရပြီး အိမ်တွေပြိုခဲ့တယ်၊ လူ ၃ ယောက်ကို ဆေးရုံတင်ထားရတယ်လို့ CCTV က ပြောပါတယ်။
ငလျင်ဗဟိုချက်နားမှာ မဟာဓာတ်အားလိုင်း ၂ လိုင်း ပြတ်ကျခဲ့ပေမဲ့ လျှပ်စစ်မီးပြန်ရအောင် အမြန်ဆောင်ရွက်ခဲ့တယ်လို့ ဆင်ဟွာ သတင်းဌာနက ဖော်ြပပါတယ်။
ရှင်းကျန်း မီးရထားအာဏာပိုင်အဖွဲ့ကလည်း ငလျင်သင့်ဒေသက ရထားလမ်းကြောတွေကို ချက်ချင်းပိတ်ခဲ့ပြီး ရထားစီးရေ ၂၇ စီးကို ဆိုင်းငံ့ထားခဲ့တယ်လို့လည်း ဆင်ဟွာက ပြောပါတယ်။ ငလျင်အပြီး အင်အား ရစ်ချ်တာစကေး ၃ အထက်ရှိတဲ့ မြေပြင်တုန်ခါမှုပေါင်း ၆၄ ကြိမ် လှုပ်ခတ်ခဲ့တာကို မှတ်တမ်းတင်ထားတယ်လို့ တရုတ် ငလျင်စီမံခန့်ခွဲရေးဌာနက ပြောခဲ့ပါတယ်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာလည်း မြေပြိုလို့ သေဆုံးသူဦးရေဟာ ဇန်နဝါရီ ၂၃ ရက် နေ့လယ် ၃ နာရီလောက်မှာ အယောက် ၂၀ အထိရှိလာပြီလို့ China Daily သတင်းမှာ ဖော်ပြပါတယ်။
ဒါဇင်နဲ့ချီတဲ့လူတွေ ပျောက်ဆုံးနေဆဲ ဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နေရပါတယ်။
အိမ်ထောင်စု ၁၈ စုက လူ ၄၇ ဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV က ဖော်ပြပါတယ်။
ဇန်နဝါရီ ၂၁ ရက် မနက် ၆ နာရီလောက်က တောင်ကုန်းတောင်ခြေမှာ အိမ်တွေ ဖုံးလွှမ်းနေတဲ့ အနောက်တောင်ပိုင်းက ကျောက်ထုံမြို့တွင်း ရွာနှစ်ရွာမှာ မြေပြိုခဲ့တယ်လို့ အစိုးရပိုင် CCTV က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒေသတွင်းမှာ ညအပူချိန်ဟာ ရေခဲမှတ်အောက် ကျဆင်းသွားပြီး ညနေပိုင်း အပူချိန်ဟာ ရေခဲမှတ် သုည ဒီဂရီကို ရောက်နေလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ခက်ခက်ခဲခဲ လုပ်နေရပြီး လူ ၅၀၀ ကျော်ကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
Source/Photo-Reuters/ChinaDaily/CCTV