Home
မြန်မာသတင်း
ရေတာရှည်နှင့် တာချီလိတ်တို့တွင် ယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသား ၂ ဦးသေ၊ ၁ ဦးဒဏ်ရာရ
DVB
·
January 23, 2024
Yay Tarr Shay Car Crash_23012024

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်နဲ့ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တို့မှာ ယာဉ်တိုက်မှု ၂ ကြိမ် ဖြစ်ခဲ့ပြီး အမျိုးသား ၂ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့အဝင် တိုးဂိတ်အနီး ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ ဇန်နဝါရီ ၂၂ ရက် နေ့လယ် ၁ နာရီလောက်က လမ်းဘေးရပ်ထားတဲ့ ၈ ဘီးကားကို ခရမ်းချဉ်သီးတင် ၁၂ ဘီး ကုန်ကားက အနောက်ကနေ ဝင်တိုက်မိခဲ့ပါတယ်။

ကုန်ကားဟာ ရှမ်းပြည်နယ်၊ ညောင်ရွှေကနေ ရန်ကုန်ဘက်ကို မောင်းနှင်လာတာဖြစ်ပြီး အရှိန်နဲ့ဝင်တိုက်မိတာကြောင့် ကားခေါင်းခန်းတခုလုံး ကြေမွသွားတဲ့အပြင် အသက် ၃၅ နှစ်အရွယ် ယာဉ်မောင်းမှာ ညာပေါင်ရင်းပြတ်ထွက် စိုးရိမ်ရဒဏ်ရာနဲ့ ယာဉ်အကူ အမျိုးသားမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဇီဝိတဒါန ပရဟိတအသင်း တာဝန်ရှိသူက “ဆွာတောင်ဘက် တိုးဂိတ်နားလေးက ဆီပန့်အရှေ့မှာပါ။ ပေါင်အရင်းကနေ တခြမ်းပြတ်သွားတဲ့လူနာ သေဆုံးတဦးနဲ့ ထိခိုက်ပွန်းပဲ့သူ တဦးပါ။ ဖြစ်တာက အရှေ့က တွဲကားကို ၁၂ ဘီးကားက အရှိန်ပြင်းပြင်းနဲ့ ဝင်ဆောင့်ရင်း ဖြစ်ကြတာ။ အရှေ့ကားကလည်း သူ့အရှေ့က ကား‌နောက်ကို နည်းနည်းတိုက်မိသွားတယ်” လို့ ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆွာမြို့ ဇီဝိတဒါန ပရဟိတအသင်းယာဉ်နဲ့ ဆွာဆေးရုံကို ပို့ဆောင်ပေးခဲ့ရာ ဒဏ်ရာပြင်းထန်တဲ့ ယာဉ်မောင်းဟာ ဆေးရုံပို့ဆောင်နေတဲ့ လမ်းမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ မိုင်းဖုန်းကရွာအုပ်စု၊ ဝမ်ပုံရွာရှိ ဗုဒ္ဓဂါယာဘုရားအရှေ့ဘက်၊ လမ်းမပေါ်မှာ ဇန်နဝါရီ ၂၁ ရက် ည ၁၁ နာရီလောက်က Crown အိမ်စီးကားတစီး လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်မိခဲ့ပါတယ်။

ဦးလှမိုး(တာချီလိတ်) လူမှုကူညီရေးအသင်းဝင်တဦးက “ညပိုင်း ၁၁ နာရီလောက် ဖြစ်တာ။ ကားက တာချီလိတ်ကနေ ဝမ်ပုံရွာဘက် မောင်းလာတာ။ ကားက Crown အမျိုးအစားပါ။ သေသွားသူက မိတ္ထီလာဘက်က လာအလုပ်လုပ်ရင်း ဖြစ်တာ” လို့ ပြောပါတယ်။

ယာဉ်တိုက်မှုအရှိန်ကြောင့် ကား ၂ ပိုင်းပြတ်တောက်သွားပြီး မိတ္ထီလာမြို့မှာ နေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် ယာဉ်မောင်းဖြစ်သူ ကိုခန့်သာဆိုသူမှာ ဦးခေါင်းကွဲ၊ ခြေကျိုး၊ မျက်နှာထိခိုက်ဒဏ်ရာတွေနဲ့ အခင်းဖြစ်ရာမှာ သေဆုံးသွားပါတယ်။

သေဆုံးသူကို သက်ဆိုင်ရာအဖွဲ့က ရောက်ရှိစစ်ဆေးခဲ့ကြပြီး ရုပ်အလောင်းကို ဦးလှမိုး(တာချီလိတ်) လူမှုကူညီရေးအသင်းယာဉ်နဲ့ တာချီလိတ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၁ ရက်‌ မနက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ မန်ကျည်းရေရွာအနီးက နောင်ချို-ရပ်စောက်လမ်းကြီးရှိ ၄ ထပ်ကွေ့မှာ FUSO ၁၂ ဘီးကားတစီး ချောက်ထဲကျပြီး အမျိုးသား ၂ ဦး သေဆုံးခဲ့ပါတယ်။

ဇန်နဝါရီ ၂၁ ရက် ညကလည်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မော်လမြိုင်-ကျိုက္ခမီ လမ်းမကြီးပေါ်မှာ ပရိုဘောက်ကား၊ သုံးဘီးဆိုင်ကယ်နဲ့ ဆိုင်ကယ်တို့ သုံးစီးဆင့်တိုက်မိပြီး အမျိုးသမီး ၁ ဦး သေဆုံးကာ လူ ၁၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024