
တချိန်က အာရှအချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်ခဲ့တဲ့ ဟောင်ကောင်က အိမ်ခြံမြေသူဌေးကြီး လီရှောင်ကီးဟာ အသက် ၉၇ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။
လီရှောင်ကီးက အနှစ် ၄၀ ကြာ ဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ Henderson Land Development လုပ်ငန်းက သူကွယ်လွန်ကြောင်း ကြေညာခဲ့တာဖြစ်ပြီး သူကွယ်လွန်ချိန်မှာ မိသားစုတွေက အတူအဖော်ပြုပေးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ သေဆုံးတဲ့အကြောင်းရင်းတော့ မဖော်ပြပါဘူး။
လီဟာ ဒေါ်လာ ၃၀ ဘီလီယံနီးပါး ကြွယ်ဝတယ်လို့ Forbes မဂ္ဂဇင်းက ခန့်မှန်းထားပါတယ်။ ၁၉၉၆ ခုနှစ်တုန်းက အာရှမှာ အချမ်းသာဆုံးဖြစ်ခဲ့သလို ကမ္ဘာမှာလည်း စတုတ္ထ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်ခဲ့ပါတယ်။
လီကို တရုတ်တောင်ပိုင်းကွမ်တုံမှာ မွေးဖွားခဲ့ပြီး လူငယ်ဘဝမှာ ဟောင်ကောင်ကို ရွှေ့ပြောင်း အခြေချခဲ့ပါတယ်။ ဒီနောက် ရွှေနဲ့ ငွေလဲလုပ်ငန်းနဲ့ စတင်ခဲ့ပြီး နောက်ပိုင်းမှာ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။
၁၉၅၈ မှာ Sun Hung Kai Properties (SHKP) ကို တခြား မိတ်ဘက် ၂ ယောက်နဲ့အတူ စတင် ထူထောင်ခဲ့ပြီး ဟောင်ကောင်ရဲ့ အကြီးဆုံး အိမ်ခြံမြေလုပ်ငန်းကြီးတခု ဖြစ်လာခဲ့ပါတယ်။
မွေးချင်းတွေထဲမှာ ၄ ယောက်မြောက်ဖြစ်တဲ့အတွက် "အန်ကယ်လေး (Uncle Four)" လို့ထင်ရှားပါတယ်။ ၁၉၇၆ မှာတော့ ကိုယ့်ဘာသာ ခွဲထွက်ပြီးတော့ Henderson Land Development ကို ထူထောင်ခဲ့ကာ ၂၀၁၉ သူအနားယူအပြီးမှာတော့ သူ့သား ၂ ယောက်က ဆက်လက် ဦးစီး လုပ်ကိုင်နေပါတယ်။
လီရှောင်ကီးဟာ ပရဟိတလုပ်ငန်းတွေနဲ့ ထင်ရှားသူလည်းဖြစ်ပြီး ပညာရေးစင်တာတွေ၊ အလုပ်အကိုင်ဖန်တီးရေး စီမံချက်တွေမှာ အများအပြားလှူဒါန်းခဲ့သူ ဖြစ်ပါတယ်။
Source: Reuters


