
ဂျာမန်အာဏာပိုင်တွေဟာ နိုင်ငံရဲ့ အကြီးဆုံးပြည်နယ်ဖြစ်တဲ့ ဘာဗားရီးယားက ခရစ္စမတ်ဈေးကို တိုက်ခိုက်ဖို့ စီစဉ်နေတဲ့ စစ်သွေးကြွ အစ္စလာမ္မစ်တွေလို့ သံသယရှိတဲ့ အမျိုးသား ၅ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ရဲနဲ့ ရှေ့နေတွေက ပူးတွဲကြေညာချက် ထုတ်ပြန်ပြောပါတယ်။
၂၀၁၆ ခုနှစ်မှာ အစ္စလာမ္မစ်တယောက်က ပြန်ပေးဆွဲထားတဲ့ ထရပ်ကားတစီးကို ဘာလင်မြို့လယ်က ခရစ္စမတ်ဈေးထဲ ဝင်တိုက်ပြီးကတည်းက ဂျာမနီမှာ ယာဉ်နဲ့ တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာလက မက်ဒီဘာ့ဂ်မြို့မှာ တိုက်ခိုက်မှုတခုကြောင့် လူအများအပြား သေဆုံးခဲ့ပါသေးတယ်။
စနေနေ့နှောင်းပိုင်းမှာ ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်အရ ဂျာမနီနဲ့ ဩစတြီးယား ၂ နိုင်ငံကြားက ဆူဘင် နယ်စပ်ဖြတ်ကျော်ရေး ဝင်ပေါက်မှာ သောကြာနေ့က အသက် ၂၂၊ ၂၈ နဲ့ ၃၀ နှစ်အရွယ် မော်ရိုကိုနိုင်ငံသား ၃ ယောက်၊ အသက် ၅၆ နှစ်အရွယ် အီဂျစ်နိုင်ငံသားတယောက်နဲ့ အသက် ၃၇ နှစ်အရွယ် ဆီးရီးယားနိုင်ငံသားတယောက်တို့ကို ဖမ်းဆီးခဲ့ပါတယ်။
ဒီလူတွေဟာ လူအများအပြားကို သတ်ဖြတ်ဖို့ ဒါမှမဟုတ် ဒဏ်ရာရစေဖို့ ရည်ရွယ်ချက်နဲ့ လူစည်တဲ့စျေးထဲကို ကားနဲ့ မောင်းဝင်တိုက်ခိုက်ဖို့ ရည်ရွယ်ထားတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ယုံကြည်ကြတဲ့အကြောင်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
အစ္စလာမ္မစ် ရည်ရွယ်ချက်လို့ အာဏာပိုင်တွေက သံသယရှိတဲ့အကြောင်း ကြေညာချက်ထဲမှာ ထပ်ပြောခဲ့ပါတယ်။
Source: Reuters


