
ဂျာမန်နဲ့ ပိုလန် ကာကွယ်ရေးဝန်ကြီးဌာနတွေရဲ့ ကိုယ်စားလှယ်တွေဟာ ဒီဇင်ဘာ ၁ဝ ရက်မှာ ပိုလန်နိုင်ငံမြောက်ပိုင်းက မာလ်ဘော့ခ်မြို့မှာ ဂျာမန်လေတပ်က ယူရိုဖိုက်တာ တိုက်လေယာဉ်တွေ ဖြန့်ကြက် တာဝန်ချထားမှုကို ဂုဏ်ပြုလိုက်ပါတယ်။
ဂျာမန် ယူရိုဖိုက်တာ ၅ စင်းနဲ့ ဂျာမန်လေတပ်က ဝန်ထမ်း အယောက် ၁၅၀ လောက်ဟာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ အရှေ့ပိုင်း ကင်းထောက်စစ်ဆင်ရေး တစိတ်တပိုင်းအဖြစ် လည်ပတ်နေပါတယ်။
ခုလိုတပ်ချတဲ့ မာလ်ဘော့ခ်မြို့ဟာ ပိုလန်ရဲ့ ဘောလ်တစ်ဆိပ်ကမ်းမြို့ ဂဒိုင့်စ်ကနေ ကီလိုမီတာ ၆၀ လောက်ဝေးပြီး လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ ရုရှားနယ်မြေ ကလီနင်ဂရဒ်ကနေ ကီလိုမီတာ ၈၀ အကွာမှာရှိကာ ၂၀၂၆ ခုနှစ် မတ်လအထိ စခန်းချနေမယ်လို့ ဂျာမန်လေတပ်က ပြောပါတယ်။
ယူရိုဖိုက်တာတွေဟာ ခြိမ်းခြောက်မှုတွေကို တားဆီးဖို့နဲ့ တက်တက်ကြွကြွကာကွယ်ဖို့ တာဝန် ၂ မျိုးလုံးကို ဆောင်ရွက်ပေးခဲ့တယ်လို့ ဂျာမန်ကာကွယ်ရေးဒုတိယဝန်ကြီး နီးလ်ရှမစ်က မာလ်ဘော့ခ်မြို့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒါပေမဲ့ အနာဂတ်မှာ ကွဲပြားတဲ့ လက်နက်စနစ်တွေနဲ့ ဒရုန်းကာကွယ်ရေး ရောနှောနေတာကို မြင်တွေ့ရမှာ သေချာတယ်လို့လည်း ရှမစ်က ဆက်ပြောပါတယ်။
ရုရှားနဲ့ တင်းမာမှုတွေ မြင့်တက်လာနေချိန်မှာ ၂၀၂၅ ခုနှစ် ဧပြီလကစပြီး ရိုမေးနီးယားမှာ တပ်ဖြန့်ချထားခဲ့ပြီးတဲ့နောက် ဂျာမန်လေတပ်အတွက် မယ်လ်ဘော့ခ်မှာ တာဝန်ထမ်းဆောင်တာဟာ ဒုတိယမြောက်နဲ့ တပြိုင်နက်တည်း လေကြောင်းရဲတပ်ဖွဲ့ တပ်ဆွယ်အဖြစ် တာဝန်ထမ်းဆောင်တာလည်း ဖြစ်ပါတယ်။
စက်တင်ဘာလတုန်းက ရုရှားဒရုန်းတွေ ပိုလန်နိုင်ငံထဲကို ကျူးကျော်ဝင်ရောက်ပြီးတဲ့နောက် ခုလို တပ်ဖြန့်ချထားခဲ့တာပါ။
ပိုလန် F-16 တိုက်လေယာဉ်တွေ၊ ဒတ်ချ် F-35 လေယာဉ်တွေ၊ အီတလီ AWACS စောင့်ကြည့်ရေး လေယာဉ်တွေနဲ့ NATO လေကြောင်း လောင်စာဖြည့်လေယာဉ်တွေဟာ စက်တင်ဘာလလယ်မှာ ပိုလန်လေပိုင်နက်ထဲ ဝင်လာတဲ့ ဒရုန်းတွေကို ပစ်ချဖို့ စစ်ဆင်ရေးတခုထဲမှာ ပါဝင်ခဲ့ကြပါတယ်။ ရုရှားအစိုးရကတော့ ဒီဖြစ်ရပ်အတွက် တာဝန်ယူဖို့ ငြင်းဆိုခဲ့ပါတယ်။
Source: Reuters


