
တရုတ်ကမ်းခြေစောင့်သင်္ဘောတွေက အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ် ရေတိမ်ပိုင်းမှာ ရေအမြောက်တွေနဲ့ တိုက်ခိုက်ခဲ့လို့ ဖိလစ်ပိုင်ငါးဖမ်းသမား ၃ ယောက် ဒဏ်ရာရခဲ့ပြီး ငါးဖမ်းသင်္ဘော ၂ စင်းလည်း သိသိသာသာ ပျက်စီးခဲ့တယ်လို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် (PCG) က ဒီဇင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။
ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်က ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုထဲမှာ တရုတ်ကမ်းခြေစောင့်တပ်ရဲ့ လှေတွေက ဖိလစ်ပိုင် ငါးဖမ်းလှေတစင်းကို ဝိုင်းရံထားပြီး ရေအမြောက်နဲ့ ထိုးနေပုံကို ပြသထားပါတယ်။
စာဘီနာရေတိမ်ပိုင်းနားက မနေ့က ဖိလစ်ပိုင်ငါးဖမ်းလှေ ၂ ဒါဇင်နီးပါးကို တရုတ်က ရေအမြောက်တွေနဲ့ ပစ်မှတ်ထားခဲ့ပြီး လှုပ်ရှားမှုတွေကို ပိတ်ဆို့ခဲ့တယ်လို့ PCG က ပြောပါတယ်။
တရုတ်ကမ်းခြေစောင့်တပ်က လှေငယ်တစင်းကလည်း ဖိလစ်ပိုင်လှေတွေ အများကြီးရဲ့ ကျောက်ဆူးတွေကို ဖြတ်တောက်ခဲ့ပြီး လှေသမားတွေကို အန္တရာယ်ဖြစ်အောင် လုပ်ခဲ့တယ်လို့ PCG က ဆက်ပြောပါတယ်။
နိုင်ငံတကာအသိအမှတ်ပြု အပြုအမူစံနှုန်းတွေကို လိုက်နာဖို့၊ အပြစ်မဲ့ ငါးဖမ်းလုပ်သားတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့ ဥပဒေစိုးမိုးရေး ဟန်ဆောင်မှုတွေထက် ပင်လယ်ပြင်မှာ အသက်ရှင်သန်ရေးကို ဦးစားပေးဖို့ PCG က တရုတ်ကမ်းခြေစောင့်တပ်ကို တောင်းဆိုပါတယ်။
မနီလာမြို့တော်က တရုတ်သံရုံးက ရုံးချိန်ပြင်ပမှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ချက်ချင်း မတုံ့ပြန်ပါဘူး။
တရုတ်ကမ်းခြေစောင့်တပ်က ဖိလစ်ပိုင် သင်္ဘောအများအပြားကို မောင်းထုတ်ပြီး ထိန်းချုပ်ရေး အစီအမံတွေ ဆောင်ရွက်ခဲ့တယ်လို့ သောကြာနေ့မှာ ပြောပါတယ်။
တရုတ်က ရှန်းဘင်သန္တာကျောက်တန်းလို့ ရည်ညွှန်းပြီး ဖိလစ်ပိုင်က အဲ့စ်ကိုဒါရေတိမ်သောင်ခုံလို့ ရည်ညွှန်းတဲ့ စာဘီနာသောင်ခုံဟာ ဖိလစ်ပိုင်နိုင်ငံ ပါလာဝမ်ပြည်နယ်ရဲ့ အနောက်ဘက် ၉၅ မိုင်အကွာမှာ ရှိပြီး ဖိလစ်ပိုင်သီးသန့်စီးပွားရေးဇုန်ထဲမှာ ရှိနေပါတယ်။
တရုတ်က ဒေါ်လာ ၃ ထရီလီယံကျော်ဖိုး နှစ်စဉ်ကုန်သွယ်နေတဲ့ တောင်တရုတ်ပင်လယ်တခုလုံး နီးပါးကို ပိုင်တယ်လို့ အခိုင်အမာ ပြောထားပါတယ်။
တရုတ် တောင်းဆိုထားတဲ့ နယ်မြေတွေက ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့ရဲ့ သီးသန့်စီးပွားရေးဇုန်တွေထဲမှာ ရှိနေပါတယ်။
၂၀၁၆ ခုနှစ်တွင် နိုင်ငံတကာ ခုံသမာဓိရုံးတခုက တရုတ်ပြည်မကြီးအစိုးရရဲ့ ကျယ်ပြန့်တဲ့ တောင်းဆိုချက်တွေဟာ နိုင်ငံတကာဥပဒေအရ အခြေအမြစ်မရှိဘူးလို့ ဆုံးဖြတ်ခဲ့ပြီး ဆုံးဖြတ်ချက်ကို တရုတ်က ပယ်ချခဲ့ပါတယ်။
Source: Reuters


