
အာဂျင်တီးနားဘောလုံးသမား လီယိုနယ်မက်ဆီရဲ့ အိန္ဒိယခရီးစဉ်အတွင်း ပရိသတ်တွေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက်မှာ အဓိကပွဲစီစဉ်သူ တယောက်ကို အိန္ဒိယ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
ဒီဇင်ဘာ ၁၃ ရက်က အနောက်ဘင်္ဂလားပြည်နယ်ရဲ့ မြို့တော် ကိုလ်ကတ္တားမြို့က Salt Lake အားကစားကွင်းထဲမှာ မက်ဆီနဲ့ တွေ့ဆုံပွဲပြုလုပ်ခဲ့တာမှာ အထူးဧည့်သည်တော်တွေနဲ့ လုံခြုံရေးဝန်ထမ်းက မက်ဆီကို ဝိုင်းရံထားတာကြောင့် လက်မှတ်ဈေးကြီးပေးပြီးလာရတဲ့ ပရိသတ်တွေက မက်ဆီကို ကောင်းကောင်း မြင်တွေ့ခွင့်မရ ဖြစ်ခဲ့တာပါ။
ဒါကိုမကျေနပ်တဲ့ ပရိသတ်တွေက ပစ္စည်းတွေနဲ့ ပစ်ပေါက်တာ၊ ထိုင်ခုံတွေကို ရိုက်ချိုးတာနဲ့ ခြံစည်းရိုးကို ကျော်တက်ပြီးကွင်းထဲကို အတင်းတိုးဝင်တာတွေ လုပ်ခဲ့ကြပြီး မက်ဆီလည်း ကွင်းအတွင်းကနေ ပြန်လည်ထွက်ခွာသွားခဲ့ရပါတယ်။
ဒီဖြစ်ရပ်အတွက် ပွဲကို အဓိကစီစဉ်သူ ရှတ်တရူးဒတ်တာကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ အနောက်ဘင်္ဂလားရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ရာဂျိဗ်ကူးမားက ပြောပါတယ်။
မက်ဆီဟာ အားကစားကွင်းထဲကို ၄၅ မိနစ်လောက် လာရောက်ပြီး ပရိသတ်နဲ့တွေ့ဖို့ စီစဉ်ထားပေမဲ့ မိနစ် ၂၀ လောက်သာ ကြာခဲ့ပါတယ်။
ဒီပွဲအတွက် လက်မှတ်တွေက အိန္ဒိယမှာ ပျမ်းမျှအပတ်စဉ်ဝင်ငွေရဲ့ ထက်ဝက်ကျော်ဖြစ်တဲ့ ရူပီး ၃၅၀၀ (ဒေါ်လာ ၃၈ ဒသမ ၆၅) ကနေ စပေးရပေမဲ့ ပရိသတ်တယောက်က ဒေါ်လာ ၁၃၀ ပေးဝယ် ခဲ့ရတယ်လို့ ပြောပါတယ်။
Source: Reuters


