ကမ္ဘာကျော်ဘောလုံးသမား လီယွန်နယ်မက်ဆီရဲ့ အိန္ဒိယခရီးစဉ်အတွင်း ကိုလ်ကတ္တားမြို့၊ Salt Lake အားကစားကွင်း စီစဉ်သူတွေရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ပရိသတ်တွေ ဒေါသထွက်ပြီး အဓိကရုဏ်းဖြစ်ပွားခဲ့ပါတယ်။
မက်ဆီကို မြင်တွေ့ချင်တာကြောင့် လက်မှတ်ဈေးကြီးပေးပြီး ကွင်းအတွင်း လာရောက်အားပေးတဲ့ ပရိသတ် ၅၀,၀၀၀ ကျော်ဟာ နိုင်ငံရေးသမားတွေ၊ အထူးဧည့်သည်တော်တွေနဲ့ လုံခြုံရေးဝန်ထမ်းတွေရဲ့ မက်ဆီကို ဝိုင်းရံထားတာကြောင့် ကောင်းကောင်းမမြင်ခဲ့ရဘူးလို့ The Times of India သတင်းက ဖော်ပြပါတယ်။
မက်ဆီကို မမြင်ရလို့ မကျေနပ်တဲ့ ပရိသတ်တွေက ဒေါသထွက်ကာ ပုလင်းတွေ၊ ထိုင်ခုံတွေနဲ့ ပစ်ပေါက်ပြီး အားကစားကွင်းရဲ့ ပွဲကြည့်စင်တွေကို ဖျက်ဆီးခဲ့ကြတဲ့အတွက် ရဲတပ်ဖွဲ့က ဝင်ရောက်ထိန်းသိမ်းခဲ့ရပါတယ်။
ဒီဖြစ်ရပ်ကြောင့် မက်ဆီဟာ အခမ်းအနားမှာ မိနစ် ၂၀ ကျော်သာ နေနိုင်ခဲ့ပြီး စောစောစီးစီး ထွက်ခွာသွားခဲ့ရပါတယ်။
ဟိုက်ဒရာဘတ်မြို့မှာတော့ အစီအစဉ်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး မက်ဆီဟာ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့တယ်လို့ အိန္ဒိယသတင်းဌာနက ဖော်ပြပါတယ်။
ကိုလ်ကတ္တားမြို့က အဖြစ်အပျက်နဲ့ လုံးဝဆန့်ကျင်ဘက်အနေနဲ့ ဟိုက်ဒရာဘတ်မြို့က ရာဂျစ်ဂန္ဒီ အပြည်ပြည်ဆိုင်ရာ ခရစ်ကက်အားကစားကွင်းမှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားကတော့ အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။
မက်ဆီဟာ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး ဘောလုံးကစားပြတာ၊ ပရိသတ်တွေဆီ ဘောလုံးကန်ပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။
မက်ဆီက သူ့ကို ချစ်ခင်အားပေးကြတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ အိန္ဒိယမှာ အခုလို လာရောက်ရတာကို ဂုဏ်ယူမိကြောင်း ပြောကြားခဲ့ပါတယ်။
ကိုလ်ကတ္တားမြို့က ဖြစ်ရပ်ဆိုးကနေ သင်ခန်းစာယူပြီး မက်ဆီရဲ့ တနင်္ဂနွေနေ့ မွမ်ဘိုင်းခရီးစဉ်အတွက် လုံခြုံရေးကို အထူးတင်းကျပ်ထားပြီး မွမ်ဘိုင်းရဲတပ်ဖွဲ့ဟာ အားကစားကွင်းအတွင်း ရေသန့်ဘူး၊ သတ္တုပစ္စည်းနဲ့ အကြွေစေ့တွေ ယူဆောင်ခွင့်ကို တားမြစ်ထားပါတယ်။
ဒါ့အပြင် လူအုပ်ကို စောင့်ကြည့်ဖို့အတွက် ကင်းမျှော်စင်တွေ တည်ဆောက်ထားပြီး လူတိုးနင်းမှုတာတွေ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။
မက်ဆီဟာ GOAT Tour ခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံကို ၃ ရက်ကြာ အလည်အပတ် ရောက်လာတာဖြစ်ပြီး ကိုလ်ကတ္တား၊ ဒေလီ၊ မွမ်ဘိုင်းမြို့၊ ဟိုင်ဒီရာဘတ်မြို့ ၄ မြို့ကို လှည့်လည်ပြီး ပရိသတ်တွေနဲ့တွေ့ဆုံနေတာဖြစ်ပါတယ်။
ဒီခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံမှာ ပေ ၇၀ အမြင့်ရှိတဲ့ ပုံတူရုပ်တုကြီးကို မက်ဆီကိုယ်တိုင် ဖွင့်လှစ်ဖွယ်ရှိပါတယ်။
ဒီရုပ်တုကြီးဟာ ၂၀၂၂ ခုနှစ်က ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲတုန်းက အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ ဖလားကိုင်မြောက်ထားတဲ့ပုံစံ ပြုလုပ်ထားတာဖြစ်ပြီးသူ့ရဲ့ အမာခံပရိသတ်တွေက သံရုပ်တုကြီးကို ပြုလုပ်ခဲ့ကြတာပါ။
မက်ဆီဟာ ကစားသမားဘဝတလျှောက် ကလပ်အသင်းပွဲစဉ်တွေမှာ ပွဲပေါင်း ၉၆၃ ပွဲ ကစားထားပြီး ၇၈၇ ဂိုး သွင်းယူထားသူ ဖြစ်ပါတယ်။
ဒါ့အပြင် မက်ဆီဟာ ကလပ်အသင်းနဲ့ နိုင်ငံအတွက် ဆုဖလား ၄၄ လုံးရရှိအောင် စွမ်းဆောင်ပေးထားသူ ဖြစ်ပါတယ်။
Source: The Times of India /Daily Mail










