
မလေးရှားနိုင်ငံမှာ နှစ်ကုန်ပိုင်းအတွင်း အော်ပရာစီ စီမံချက်နဲ့ ဖမ်းဆီးတာတွေ ခပ်စိပ်စိပ် ရှိနေပြီး၊ ဖမ်းဆီးခံရသူတွေထဲ အထောက်အထားမစုံတဲ့ မြန်မာလုပ်သားတွေ၊ စစ်ပြေးဒုက္ခသည်တွေလည်း ပါဝင်နေပါတယ်။
၂၀၂၆ နှစ်ဆန်းပိုင်းမှာ မလေးရှားအစိုးရက UNHCR က အသိအမှတ်ပြုကတ် ကိုင်ဆောင်ထားတဲ့ ဒုက္ခသည်ပေါင်း ၂ သိန်းကျော်ကို ဇီဝဒေတာ အချက်အလက်တွေ ကောက်ယူဖို့ စီစဉ်နေပါတယ်။
ဒါ့အပြင် မလေးရှားနိုင်ငံတဝန်း အထောက်အထားမဲ့ နေထိုင်သူတွေကို အော်ပရာစီ စီမံချက်နဲ့ ၂၀၂၅ နှစ်ကုန်ပိုင်းမှာ ပိုက်စိပ်တိုက် ဝင်ရောက် စီးနင်း ဖမ်းဆီးနေတာပါ။
အထူးသဖြင့် မြန်မာတွေ အများစုလုပ်ကိုင်တဲ့ နေရာတွေ၊ နေထိုင်တဲ့ နေအိမ် တန်းလျားတွေအထိပါ ဝင်ရောက် ဖမ်းဆီးတာတွေ မကြာခဏ လုပ်ဆောင်နေပြီး ဖမ်းဆီးခံထားရသူတွေထဲ အထောက်အထား မစုံတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအပြင် စစ်ဘေးကြောင့် တိမ်းရှောင်လာရတဲ့ ဒုက္ခသည်တွေလည်း ပါဝင်နေပါတယ်။
Myanmar Affairs Alliance အဖွဲ့မှ ကိုစိုးထက်သိန်းက “အာဆီယံဒေသတွင်းမှာ ဒုက္ခသည်တွေနဲ့ ပတ်သက်တဲ့ အကူညီပေးရေး ယန္တရား မရှိခြင်းအပေါ်မှာ အများကြီး သက်ဆိုင်ပါတယ်။ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့ အာဆီယံ ဒေသထဲက နိုင်ငံတခုက မတည်မငြိမ်ဖြစ်လို့ စစ်ဘေးရှောင်ရတယ်။ တခြား အကြောင်းပြချက်တွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေကြောင့် ထွက်ပြေးရတယ်ဆိုရင် ဒီလို ထွက်ပြေးနေရတဲ့ အခါမျိုးမှာ အာဆီယံဒေသထဲမှာ အာဆီယံက UNHCR နဲ့ ပူးပေါင်းပါမယ်လို့ အာဆီယံ ချက်တာမှာလည်း ပြောသလို လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေကို တိုးမြှင့်ပါမယ်လို့ ပြဋ္ဌာန်းထားပေမဲ့ အာဆီယံ နိုင်ငံ ၁၁ နိုင်ငံ ဖြစ်လာတဲ့အထိ ၁၉၅၁ ကွန်ဗန်းရှင်း ကို လက်မှတ်ရေးထိုးတာ ၂ နိုင်ငံပဲ ရှိပါတယ်။ ဒါက တကယ့် ပြက်လုံးကြီးတခု ဖြစ်ပါတယ်။ အာဆီယံဒေသတွင်းမှာ လူ့အခွင့်အရေးကိစ္စတွေ တိုးမြှင့်လုပ်ဆောင်ပါမယ်ဆိုတာကို သူတို့ဘာသူတို့ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာလည်း ရောက်ပါတယ်”လို့ ပြောပါတယ်။
မလေးရှားမှာ ဖမ်းဆီးခံရတဲ့ မြန်မာ ရွှေ့ပြောင်းတွေနဲ့ ဒုက္ခသည်တွေဟာ အချုပ်ထောင်တွေထဲမှာ အာဏာပိုင်တွေရဲ့ ညှဉ်းပန်းနှိပ်စက်တာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေလည်း ကြုံနေရကြောင်း Fortify Rights က ဇွန်လအတွင်း ထုတ်ပြန်ထားတဲ့ အစီရင်ခံစာအရ သိရပါတယ်။
မလေးရှားနိုင်ငံမှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြစ်မှုတွေကြောင့် ဖမ်းဆီးမှုတွေက လွန်ခဲ့တဲ့ ၂ နှစ်ကထက် ၃ ဆ ကျော် တိုးလာတာပါ။ ဒါဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် တိုင်းပြည် မငြိမ်သက်တာနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ လူငယ်တွေကို အဓမ္မစစ်သားစုဆောင်း ပေါ်တာဆွဲနေတာတွေကြောင့် ဖြစ်ပါတယ်။
မလေးရောက် မြန်မာလုပ်သားတယောက်က “မလေးရှားမှာက ကျနော်တို့ မြန်မာပြည်ကဆိုရင် ပတ်စ်ပို့တွေ ထုတ်မပေး၊ ပတ်စ်ပို့တွေ ရှိပြန်ရင်လည်း မလေးရှား Immigration က ပါမစ်တွေ ပိတ်ထား၊ အဲ့လိုနဲ့ မလေးရှားမှာ မြန်မာတွေ တော်တော် ဒုက္ခရောက်တယ်။ ပတ်စ်ပို့ မရှိတဲ့သူတွေ ဒုက္ခရောက်တာတော့ မဆန်းပါဘူး။ အဖမ်းခံထိတယ် သူ့နိုင်ငံ သူ့စည်းကမ်း သူ့ဥပဒေကို မလိုက်နာလို့ အဖမ်းခံရတာပေါ့။ ခိုးဝင်တာပေါ့နော်။ တရားဝင်အဖြစ်ဆိုတာမျိုးကလည်း အလိမ်ခံရတာတွေ များတယ်။ ပတ်စ်ပို့ လုပ်ပေးမယ်၊ ပါမစ်လုပ်ပေးမယ်ဆိုပြီး အဖမ်းခံရတာမျိုးတွေပေါ့။ ဒီလို အခက်အခဲ ဖြစ်နေတာတွေက ဘယ်အဖွဲ့အစည်းကမှ မကူညီပေးနိုင်ကြဘူးပေါ့”လို့ ပြောပါတယ်။
မလေးရှားအစိုးရအနေနဲ့ ၂၀၂၆ မှာ နိုင်ငံအတွင်းရှိ ဒုက္ခသည်တွေကို စာရင်းကောက်ယူပြီး အထောက်အထားတွေ စိစစ် ထုတ်ပေးကာ နေထိုင် အလုပ်လုပ်ခွင့်၊ ပညာသင်ကြားခွင့်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနိုင်ဖို့လည်း ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ စစ်မှုထမ်းဥပဒေကြောင့် မလေးရှားနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၁၇၀,၀၀၀ ကျော် ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ စာရင်းတွေအရ သိရပါတယ်။
ဇွဲသစ်


