
ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ ၃၃ ကြိမ်မြောက် ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် ဒီဇင်ဘာ ၈ ရက် ဒီကနေ့ ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့တာမှာ မြန်မာအမျိုးသမီးအသင်းက မလေးရှားအသင်းကို ၃ ဂိုးပြတ် အနိုင်ရသွားပါတယ်။
မြန်မာအမျိုးသမီးအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ပထမပိုင်း ၂၅ မိနစ်မှာ စမ်းသော်သော်က သွင်းယူပေးခဲ့ပြီး ပွဲချိန် ၃၅ မိနစ်မှာ မေထက်လူက ဒုတိယဂိုးသွင်းယူပေးခဲ့လို့ ပထမပိုင်းမှာ မြန်မာအသင်း ၂ ဂိုး အသာနဲ့ အနိုင်ရနေပါတယ်။
ဒုတိယပိုင်းမှာ ၆၄ မိနစ်မှာ ဝါရင့်တိုက်စစ်ကစားသမား ဝင်းသင်္ဂီထွန်းက မြန်မာအသင်းအတွက် တတိယမြောက် အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။
ဒီပွဲမှာ မလေးရှားအသင်းက ကစားသမားတယောက် အနီကတ်နဲ့ အထုတ်ခံရလို့ ၁၀ ယောက်နဲ့ ကစားသွားခဲ့ရပြီး မြန်မာအသင်းက ဂိုးသွင်းခွင့်တွေ အများအပြားရခဲ့ပေမဲ့ ဂိုးဝင်အောင် မသွင်းနိုင်ခဲ့လို့ ၃ ဂိုးနဲ့ ပွဲပြီးသွားခဲ့တာပါ။
မြန်မာအမျိုးသမီးအသင်းဟာ ဖိလစ်ပိုင်၊ မလေးရှားနဲ့ ဗီယက်နမ်အသင်းတွေနဲ့ တအုပ်စုတည်း ကျနေတာဖြစ်ပြီး ဒီဇင်ဘာ ၁၂ ရက်မှာ ဗီယက်နမ်အသင်းနဲ့ အုပ်စုနောက်ဆုံးပွဲစဉ် ယှဉ်ပြိုင်ကစားရမှာပါ။
မြန်မာအမျိုးသမီးအသင်းက ဖိလစ်ပိုင်အသင်းကိုလည်း ၂-၁ ဂိုးနဲ့ အနိုင်ရထားပြီး ၂ ပွဲကစား ၂ ပွဲနိုင် ရမှတ် ၆ မှတ်နဲ့ နောက်တဆင့် ဆီမီးဖိုင်နယ်တက်ဖို့ အခြေအနေကောင်းသွားပြီ ဖြစ်ပါတယ်။
Photo: MFF


