Home
ဆောင်းပါး
လေဘာတီရေ မင်း အပျိုလုပ်တယ် လုပ်တယ်
DVB
·
December 13, 2025

၁။

ပိတောက်ပင်ကြီးပေါ်က ပိတောက်ပန်းများက အလုအယက် ပွင့်နေကြသည်။ အချို့ ကြွေကျလာကြသည်။ ကျနော့်အိမ်ဝင်းထဲက သုံးရေအဖြစ်တူးထားသော ရေကန်လေးဆီက ဖါးအော်သံ ကြားလိုက်ရသည်။ မျက်နှာချင်းဆိုင်အိမ်က ချောင်းဟန့်သံကိုပင် အတိုင်းသားကြားရသည်။ ဆေးလိပ်ကို အိမ်ယူပြီးလိပ်သည့် မျက်စောင်းထိုးအိမ်ကလေးဆီက ဆေးလိပ်ဖင်စီခံခေါက်သံ တတောက်တောက်ကို ကြားလာရသည်။ ဖြတ်ကနဲဆိုသလို ကျနော့်အတွေးထဲ "နမ်းနမ်းချို"က နေရာဝင်ယူလာခဲ့သည်။

ထိုနေ့က နမ်းနမ်းချိုနှင့် ကျနော် ယခင်နေ့များထက် ပိုပြီး စောစောအိပ်ယာထကြသည်။ ဖဆ ၃ လမ်းထဲမှ ထွက်ကာ ရန်ကုန်-မန္တလေးလမ်းမကြီးပေါ် တက်လာခဲ့ကြသည်။ မြို့ကလေး၏ တောင်ဘက်ထိပ်ကို လမ်းလျှောက်လာကြသည်။ လမ်းတွင် သူနှင့်ကျနော် စကားတခွန်းနှစ်ခွန်းသာ ပြောဖြစ်သည်။ သူကလည်း သူ့အတွေးနှင့်သူ။ ကျနော်ကလည်း ကျနော့်အတွေးနှင့် ကျနော်။ နှစ်ယောက်သား မတိုင်ပင်ရဘဲ စကားနည်းခဲ့ကြသည်။ သို့သော် တွဲထားသည့် လက်များကိုမူ မည်သူကမျှ စပြီးမဖြုတ်ကြ။ ကားလမ်းမကြီးတလျှောက် သူနှင့်ကျနော် လက်တွဲရင်း လက်လွှဲရင်း အတွေးကိုယ်စီတွေးရင်း လမ်းလျှောက်လာခဲ့ကြသည်။

မြို့ကလေး၏ အပြင်ဘက်ရောက်ကာနီးတော့ နှင်းတွေ အုံကျင်းဖွဲ့ကာ ပိုပြီးကျလာတော့သည်။ အနွေးထည်ကိုယ်စီ ဝတ်ထားသည့်တိုင် အအေးဓာတ်က ကျနော်တို့ကို နှင်းထုကြီးထဲ ဆွဲနှစ်ထားလိုက်သည်။ မနက်ခင်း အချိန်စောလွန်းအားကြီးလို့ပဲလားတော့မသိ၊ ခရီးဝေး ကုန်တင်ကားကြီး သုံးစင်းလောက်ကိုပဲ ကျနော်တို့ နှစ်ယောက် လမ်းဘေးသို့ဆင်းပြီး ရှောင်ပေးလိုက်ကြရသည်‌။

တခါတရံ ဆုံတတ်သည့် လမ်းလျှောက်ထွက်သူ တဦးတလေမျှကိုလည်း မတွေ့ကြရသေး။ နှင်းထုဖြူညစ်ညစ်ကြီးထဲတွင်ပင် နမ်းနမ်းချိုနှင့် ကျနော် လမ်းလျှောက်လာခဲ့ကြသည်။ မြို့အထွက် ဇေယျဝတီမြို့ ဆိုင်းပုတ်ကြီးကို ကျော်လာကြသည်‌ေ

‘ကိုကိုရေ နမ်းနမ်းချို သီချင်းဆိုချင်တယ်ကွာ’

ကျနော်က နမ်းနမ်းချို ဘာပြောလိုက်သည်ဆိုသည်ကို ကြားလိုက်သော်လည်း ရုတ်တရက် နားမရှင်းသလိုဖြစ်ဟန်ဖြင့် သူ့ဘက်ကိုသာ ငဲ့ကြည့်လိုက်သည်‌။

‘အင် ကိုကိုကလည်း ဘာမှပြန်မပြောဘူး’ 

‘အော် အင်း.. ဆိုလေ၊ ဆိုပေါ့၊ နမ်းနမ်းချို အရင်ကလည်း သီချင်းဆိုပြနေကြပဲဟာ၊ အခုမှ စကားတွေ ဘာတွေခင်းသလို လုပ်တော့ အံ့သြသွားလို့ပါ’

ထိုစဉ်မှာပင် ကုန်ကား နှစ်စီး မီးတဝင်းဝင်းထိုးကာ ရှေ့ဆင့်နောက်ဆင့် ရောက်လာသည်။့ ကျနော်တို့နှစ်ယောက် လမ်းဘေးသို့ကပ်ကာ ရှောင်ပေးကြရသည်။ ကားမီးရောင်များ ဝေးသွားသောအခါ နှစ်ယောက်စလုံး ကတ္တရာလမ်းပေါ်ပြန်တက်လိုက်ကြသည်။‌

‘ကိုကိုကတော့ နမ်းနမ်းချိုကော ကိုကိုကော ကြိုက်တဲ့ တဆောင်းသစ်ပြန်ပြီသီချင်းကိုပဲ ဆိုစေချင်မှာပဲ၊ ဒါပေမဲ့ ဒီတခါတော့ နမ်းနမ်းချို အငြိမ့်သီချင်းတပုဒ် ဆိုမလားလို့’

‘ဒါလည်း ရတာပဲလေ၊ ဒါပေမဲ့ နေပါဦး နမ်းနမ်းချိုက အငြိမ့်သီချင်းဆိုတတ်လို့လား၊ နမ်းနမ်းချို အငြိမ့်သီချင်းဆိုတာ ကိုကို တခါမှ မကြားဖူးလို့’

 ‘ဆိုတော့ ဆိုတတ်ပါတယ်၊ သိပ်ပြီး ကျွမ်းကျွမ်းကျင်ကျင်ကြီးတော့ မဟုတ်ဘူးပေါ့ ဦးကိုကိုရယ်။’

ကျနော်က နှင်းထုကြီးနှင့်ကွယ်ကာ မသိမသာ ပြုံးလိုက်ရသည်။ ခြေလှမ်းများကို အနည်းငယ် နှေးပစ်လိုက်သည်။ နမ်းနမ်းချိုက တွဲထားသည့် သူ့လက်ကို ဖြုတ်သည်။ ကျနော်နှင့် အနည်းငယ်ခွာကာ  ကတ္တရာလမ်းအလည်ဘက်သို့ တိုးသွားသည်။ သူ့ကို နှင်းထုကြီးအောက် ဝေေ၀ဝါးဝါး မြင်နေရသည်။ ထိုစဉ်မှာပင် အသံမာမာ စူးစူးရှရှ ကြည်လင်အေးမြသော နမ်းနမ်းချိုရဲ့ သီချင်းသံက ကျနော့်ကို ပိုင်ပိုင်နိုင်နိုင် ဖမ်းစားထားလိုက်သည်။

ကျနော်က လမ်းဘေးသို့ကပ်ကာ ရပ်သည်။ ဟန်နှင့်ပန်နှင့် သီချင်းဆိုနေသော နှင်းထုကြီးအောက်က နမ်းနမ်းချိုကို မြင်နေရသည်။ သူက ရပ်နေရာကမူ မရွေ့ပဲ သီချင်းဆိုသည်။ သူ့လက်ကလေးတွေ မြင့်ချီနိမ့်ချီလုပ်ပုံ ခေါင်းကလေး ဘယ်ညာ ငဲ့လိုက်ပုံများကို ဝေဝါးစွာ တွေ့နေရသည်။

‘လေဘာတီရေ မင်း အပျိုလုပ်တယ် လုပ်တယ်၊ ပြောစမ်းပါ ဦးသဝန်ကြောင်ရယ် အခု တို့ပတ် ရိုက်မယ် ရိုက်မယ်၊ သနပ်ခါးလေး လိမ်းမှဖြင့်......... ’

‘ဟင် ဘာလို့ရပ်ပစ်လိုက်တာလဲ၊ နားထောင်လို့ကောင်းနေတဲ့ဟာ’

နမ်းနမ်းချိုက သီချင်းဆက်မဆိုပဲ နေရာတွင်ပင် ခြေစုံရပ်ကာ ကျနော့်ကို ကြည့်သည်။‌

‘သီချင်းလည်းဆို ကလည်း ကချင်လာလို့ပါ ဦးကိုကို’

‘ဟော တဆင့်တောင်တိုးလာပြန်ပြီ၊ ကိုင်း ကချင်သပဆိုလည်း က ဗျာ’

နမ်းနမ်းချိုက ဆွဲချွတ်လိုက်သည့် အနွေးထည်လေးကို ကျနော့်ရင်ခွင်ထဲ ပစ်ထည့်လိုက်သည်။ ထဘီကို သေသေချာချာ ပြင်ဝတ်သည်။ ဆံပင်ကိုလည်း နောက်တွင် စည်းနှောင်ထားလိုက်သည်။ ကတ္တရာလမ်းအလယ်ခေါင်လောက်ဆီ သွားရပ်လိုက်သည်။

‘လေဘာတီရေ မင်း အပျိုလုပ်တယ် လုပ်တယ်၊ ပြောစမ်းပါ ဦးသဝန်ကြောင်ရယ် အခု တို့ပတ် ရိုက်မယ် ရိုက်မယ်၊ သနပ်ခါးလေး လိမ်းမှဖြင့် လိမ်းလိုက်ဗျာ လိမ်းလိုက်ဗျာ၊ ပျိုမချဉ်ပေါင် ကိုသဝန်ကြောင်ရယ်၊ မြရင် အလိမ္မာလေးကိုတော့ သနပ်ခါးလေးဖွေးမှ ဘေးကလူတွေ ကြည်ဖြူပေမယ်၊ မစန်းစန်းလိမ်းမှ အဝေးကလူတွေ ကြည်ဖြူပေမယ်…….’

နှင်းထုကြီးအောက်တွင် နမ်းနမ်းချို အငြိမ့်သီချင်းဆိုရင်း ကနေသည်။ အဆိုပိုဒ်တွင် နေရာမြဲမြဲရပ်ပြီး ခေါင်း၊ လက်၊ ခြေ၊ ခါး အနည်းငယ်ဆီ ငဲ့ကာ လှည့်ကာ လှုပ်ကာ ချိုးကာ ကသည်။ အဆိုပုဒ်ဆုံးသောအခါ သူ့စိတ်ကူးနှင့် သူ အတီးပိုဒ်ကို စိတ်မှန်းနှင့်မှန်းပြီး ကဟန်တူသည်။ သွက်လက်ပြေပြစ်စွာ အချိုးအဆစ် လှပစွာ နမ်းနမ်းချိုတယောက် ဝိုင်းပတ်ပြီးကတော့သည်။

ထိုစဉ်တုန်းက နမ်းနမ်းချိုသည် အနီနုရောင် လက်ရှည်အင်္ကျီပွပွ၊ ရွှေရောင်အနားကွပ် အနက်ရောင် အောက်ခံထဘီကို ဝတ်ထားခဲ့သည်။ သူက အဆိုပိုဒ်တွင် အကကို နှေးပစ်လိုက်တတ်ပြီး အကပိုဒ်ကျတော့ ငှက်ကလေးတကောင် တောင်ပံဖြန့်ဝဲသလို ဝိုင်းပတ်ပြီး ကတော့သည်။ 

ဖြူညစ်ညစ် နှင်းထုကြီးအောက် အနက်ရောင်ကတ္တရာလမ်းမကြီးပေါ်တွင် နမ်းနမ်းချို ကနေသည်။ အနီရောင်ပိတ်စကလေးမှာ တချက်တချက် အပေါ်ရောက်သွားလိုက်၊ အောက်ဆင်းသွားလိုက်။ အနက်ရောင်ပိတ်စသည်မူ ဘေးသို့ပြေးထွက်လိုက် မြေပြင်နှင့် နီးလိုက်ဝေးလိုက်။

နမ်းနမ်းချိုတယောက် အခုလို ကတတ်သည်ကို ကျနော်လုံးဝမသိခဲ့ပါ။  ထို့ကြောင့် ကားလမ်းပေါ်မှ ဆင်းလိုက်သည်။ စိတ်ပါလက်ပါ အချိုးအဆစ်လှပစွာ အယိမ်းအနွဲ့ မှန်ကန်စွာ ဈာန်တွေ ဟန်တွေအပြည့်ဖြင့် ကခုန်လှုပ်ရှား ရွေ့လျားနေသူ နမ်းနမ်းချိုကို ကားလမ်းဘေးမှရပ်ကာ မျက်တောင်မခတ် ကြည့်နေမိတော့သည်။

ထိုစဉ်မှာပင် တံတားအကွေ့ဆီက ကားမီးရောင်များ မြင်လိုက်ရသည်။ ကားမီးရောင်များနီးလာပြီ။ နမ်းနမ်းချိုက သီချင်းဆိုမရပ်၊ အက မရပ်။

ကုန်ကားကြီး နှစ်စင်းက တံတားထိပ်ကို ကွေ့ပြီး ရောက်လာသည်။ မီးရောင်များက နမ်းနမ်းချို၏ ခန္ဓာကိုယ်ပေါ် မီးဆလိုက်များ ထိုးထားသလို ရောက်လာသည်။ တပြိုင်နက်တည်းဆိုသလို မြို့ထဲဘက်မှလည်း ကုန်ကားကြီးတစင်း ကျနော်တို့နောက်ကြောဘက်မှ ရောက်လာသည်။ ကားမီးရောင်က နမ်းနမ်းချို၏ ကြောဘက်မှလည်း ဝါးလုံးထိုး ဖြောင့်တန်းစွာ ထင်းထင်းကြီး တိုးဝင်လာသည်။ နမ်းနမ်းချိုကမူ အကမပျက်၊ အဆိုမပျက် ဆက်ကနေသည်။ ကတ္တရာလမ်းပေါ်တွင် ဝိုင်းပတ်၍ပင် ထဘီစဆွဲသလို ထဘီအနားခပ်သလိုဟန်နှင့် စိတ်ပါလက်ပါ ကနေသည်။ ထိုစဉ်မှာပင် ရှေ့မှ နောက်မှ ကားမီးများထိုးဝင်လာသည့် ကုန်ကားကြီးများမှာ ရှေ့သို့ဆက်ပြီးတိုးမလာတော့ဘဲ ရောက်သည့်နေရာတွင်ပင် မီးမောင်းများထိုးကာ ဟွန်းမတီးဘဲ စက်သပ်ပြီး ရပ်ထားလိုက်ကြသည်။ 

သီချင်းသံဆုံးသွားသည်။ နမ်းနမ်းချို အကရပ်သည်။ ကုန်ကားကြီးများ ရှေ့တိုးလာသည်။ ကျနော်က နမ်းနမ်းချို၏လက်ကို သွားဆွဲကာ လမ်းဘေးကို ပြန်ဆင်းသည်။

ကုန်ကားကြီးများက ကားဟွန်းများ ပြိုင်တူတီးကာ၊ တဝေးဝေး တဟားဟား အော်ဟစ်အားပေးကာ ကျနော်တို့ကို နှုတ်ဆက်သွားကြသည်။

(၂)

‘အေးဗျာ ခင်ဗျားပြောပြတာနဲ့တင် နမ်းနမ်းချိုကို မြင်ဖူးချင်လိုက်တာ၊ အော် ခင်ဗျား ဘယ်လောက်အထိ နမ်းနမ်းချို ကနေတာကို ခံစားဈာန်ဝင်ခဲ့မလည်းဆိုတာ ခန့်မှန်းလို့ရပါတယ်’

ကျနော်က ပြောပြနေသည့်စကားကို ရပ်လိုက်တော့ ကိုခါးက ကျနော့်အပေါ် ဂရုဏာသက်စကား ပြောလာသည်။ မဧဧသန်း၏ မျက်လုံးများထဲ၌ မျက်ရည်များ ဝိုင်းလျက်။ ကိုအောင်ဇင်မင်းက ခေါင်းငိုက်စိုက်ချလျက်။

‘ခင်ဗျား ရေးလက်စဝတ္ထု အောင်မြင်မှာပါ၊ ကျနော်ပြောရဲပါတယ်၊ ခင်ဗျား  တကယ်အောင်မြင်မှာပဲ’

ဧည့်သည် ကဗျာဆရာသုံးယောက် ကျနော့်ကို နှုတ်ဆက်ပြီး ရန်ကုန်ကိုပြန်သည့်ညနေက ကျနော့်မှာ အိမ်ကလေးတလုံး၏ ကြမ်းပြင်ပေါ်တွင် ဘီယာပုလင်းများ၊ အရက်ပုလင်းများကြား လဲကျအိပ်ပျော်သွားခဲ့ရ၏။ 

ငြိမ်းဝေ

ကွယ်လွန်သူ နမ်းနမ်းချို…သို့။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013