Home
မြန်မာသတင်း
ဖလမ်းကိုလာသည့်စစ်ကြောင်းက ဒေသခံများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား
DVB
·
December 13, 2025

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ဦးတည်လာတဲ့စစ်ကြောင်းဟာ ဖလမ်းမြို့အနီးအနားကရွာတွေကို ဝင်ရောက်စီး နင်းပြီး ဒေသခံတွေကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတယ် လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။  

အင်အား ၆၀၀ လောက်ပါတဲ့ စစ်ကြောင်းဟာ ဖလမ်းမြို့နဲ့ မိုင် ၅၀ အကွာက ဘွာလ်ခွားရွာကို ဝင်ရောက်စီးနင်းတဲ့အချိန် မတိမ်းရှောင်နိုင်ဘဲကျန်နေခဲ့တဲ့ ရွာထဲက အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၁၀ ယောက်ကို ဖမ်းသွားခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။ 

ဒါ့အပြင် ဝေဘူလမြို့ဘက်ကတက်လာတဲ့ စစ်ကြောင်းနောက်တကြောင်းဟာလည်း ဖလမ်းမြို့နဲ့ ၁၀ မိုင်အကွာလောက်ကို ရောက်လာနေပြီလို့ဆိုပါတယ်။ 

ဒေသခံတယောက်က “ဘွာလ်ခွားက ၁၂ ယောက်ပါသွားတာ၊ မပြေးနိုင်ဘဲ ပိတ်မိနေတဲ့သူတွေ။ နတ်ချောင်းဘက်က ပိုများလိမ့်မယ်။ ဘာလို့ဆို တွေ့သမျှပြည်သူကိုဖမ်းခေါ်နေတာ။ တချို့အသတ်ခံရတယ်။ တချို့က ထွက်ပြေးရင်းနဲ့ သူတို့ထောင်ထားတဲ့နင်းမိုင်းမိလို့ ဆေးကုပေးနေတာတွေရှိတယ်။ ပြန်လွှတ်လို့ လွတ်လာတဲ့သူတွေရောပဲ” လို့ ပြောပါတယ်။

စစ်ကြောင်းတက်လာရာ ကလေး - နတ်ချောင်းလမ်းဘေးကျေးရွာတွေကနေ စစ်တပ်ဖမ်းလာတဲ့သူတွေထဲက ဒေသခံတချို့ဟာ ထွက်ပြေးလာရင်း လမ်းမှာ မိုင်းနင်းမိခဲ့ကြတာပါ။

ချင်းပြည်နယ်ရဲ့ ဝင်ပေါက်လမ်းမကြီးတွေကို ထိန်းချုပ်ဖို့ကြိုးစားနေတဲ့စစ်တပ်က တီးတိန် - ကလေး - ဝေဘူလ ကနေ စစ်ကြောင်းသုံးကြောင်းခွဲပြီး ဖလမ်းမြို့ကို ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက ဦးတည်စစ်ကြောင်းထိုးနေတာဖြစ်တဲ့အတွက် ချင်းဒေသ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကြောင်းတွေကြား ထိတွေ့မှုတိုက်ပွဲတွေက ပိုပြင်းလာနေတာကို ဒေသတွင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်အရ သိရပါတယ်။ 

ဒီဇင်ဘာ ၁၁ ရက်နေ့က ဖလမ်းမြို့နယ်၊ ဆွမ်ဟရန်ကျေးရွာအနီးတိုက်ပွဲမှာ စစ်တပ်ဘက်က ၁၀ ယောက်ကျော် သေဆုံးခဲ့ပြီး အရှင် ၁ ယောက်ဖမ်းမိသလို လက်နက်ခဲယမ်းအမြောက်အများကို ချင်းဒေသကာကွယ်ရေး ပူးပေါင်းတပ်ဘက်က သိမ်းဆည်းရမိခဲ့တဲ့ဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။

စစ်ရေးသတင်းရင်းမြစ်တယောက်က “ဖလမ်းကိုပြန်သိမ်းဖို့ ပြီးခဲ့တဲ့လတွေကတည်းက စကစက စစ်ကြောင်းထိုးနေတာ မအောင်မြင်ဘူး၊ ပြန်ပြန်လန်တာပဲ။ ကလေး-တီးတိန်းဘက်ကနေလည်း စစ်ကြောင်းပေါင်းပြီး ဒီလအစောပိုင်းမှာ စစ်ကြောင်းထိုးလာတယ်။ စစ်ကြောင်းထိုးလာတဲ့ တလျှောက်မှာလည်း တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်တာတွေရှိတယ်။ အဲလို တိုက်ခံရမှာစိုးလို့ အရပ်သားတွေကိုဖမ်းထားတာ။ သူတို့လက်ထဲမှာ အရပ်သားတွေရှိနေရင် တော်လှန်ရေးအဖွဲ့တွေက မတိုက်ဘူး၊ တိုက်ရခက်သွားတာပေါ့။ ဒါကို စကစက သိလို့ တမင် လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားတာ” လို့ ပြောပါတယ်။ 

ထိုးစစ်တွေကြောင့် တီးတိန်နဲ့ဖလမ်းမြို့နယ်ထဲက ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံသောင်းနဲ့ချီဟာ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိဝေဘူလဘက်ကတက်လာတဲ့ စစ်ကြောင်းရှေ့တိုးနိုင်ဖို့ လေကြောင်းပစ်ကူတွေပါသုံးလာတဲ့အတွက် အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေကိုလည်း ကြုံနေကြရပါတယ်။

မောရစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013