
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ဦးတည် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၁၁ ရက်မှာ ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက် ချေမှုန်းခဲ့ပြီး လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်း ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဝေဘူလမြို့ဘက်ကနေ ဖလမ်းမြို့နယ်ထဲကို အင်အားရာချီပါတဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ခန့် သေဆုံးပြီး လက်နက်ခဲယမ်း အများအပြားနဲ့ စစ်သုံ့ပန်းတယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ နေရာတဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ အပြင်းအထန် ပစ်ကူခဲ့ပေမဲ့ တော်လှန်ရေးဘက်က ထိခိုက်တာ မရှိဘူးလို့ အခြေအနေကိုသိရှိတဲ့ စစ်ရေး သတင်းရင်းမြစ်တယောက်က DVB ကို ပြောပါတယ်။
“စစ်ကြောင်းထိုးလာတာကို တော်လှန်ရေး ပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီဘက်က ၂၀ လောက်သေတယ်။ လက်နက်တွေလည်း အများအပြား ရလိုက်တာ ရှိတယ်။ တိုက်ပွဲဖြစ်နေတဲ့အချိန်နဲ့ ဖြစ်ပြီးနောက်ပိုင်းမှာလည်း လေကြောင်းနဲ့ အကြိမ် ၂၀ လောက် လာပစ်တယ်။ ဒါပေမဲ့ တော်လှန်ရေးဘက်ကတော့ တယောက်မှ အထိအခိုက် မရှိခဲ့ဘူး။”
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်ကလည်း ဖလမ်းကို ဦးတည် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကြောင်း ပြန်ဆုတ်ခဲ့ရပြီးနောက် အင်အားစုဖွဲ့ကာ အခုရက်ပိုင်း စစ်ကြောင်းပြန်ထိုးလာတာကို တော်လှန်ရေးတပ်တွေက နောက်တကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ချင်းတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့နဲ့ ကလေး-တီးတိန်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ဆုံးအပတ်ကစပြီး ကလေးမြို့ တောင်ဘက်ခြမ်းကနေ ဖလမ်းကို ဦးတည်တဲ့ စစ်ကြောင်းတကြောင်းနဲ့ ကလေး-တီးတိန်က ထွက်လာတဲ့ ပူးပေါင်း စစ်ကြောင်းတကြောင်းတို့နဲ့ နှစ်ဖက်ညှပ် စစ်ကြောင်းထိုးနေတာပါ။
စစ်ကြောင်းထိုးလာတဲ့တလျှောက် ရွာတွေက ဒေသခံတွေကို လူသားဒိုင်းအဖြစ် မကြာခဏ ဖမ်းဆီးခေါ်ဆောင်နေပြီး ဒီဇင်ဘာ ၇ ရက်ကလည်း ဖလမ်းမြို့နယ် ဘွာလ်ခွားရွာက ဒေသခံ ၁၂ ယောက်ကို စစ်ကြောင်းက လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားတယ်လို့ ဒေသခံနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။


