Home
မြန်မာသတင်း
ဖလမ်းကို စစ်ကြောင်းထိုးနေသည့် စစ်တပ်က ဒေသခံများကို လူသားဒိုင်းပြုလုပ်
DVB
·
December 10, 2025

ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ဦးတည်ကာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က အမျိုးသမီးတွေ အပါအဝင် ဒေသခံ ၁၂ ယောက်ကို လူသားဒိုင်းအဖြစ် ဓားစာခံ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံနဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

ကလေးနဲ့ တီးတိန်မြို့ကနေ ထွက်လာတဲ့ အင်အား ၃၀၀ ခန့်ပါ ပူးပေါင်းစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်က ဖလမ်းမြို့နဲ့ မိုင် ၅၀ အကွာက ဘွာလ်ခွားရွာကို ရောက်ရှိလာချိန် မတိမ်းရှောင်နိုင်ဘဲ ကျန်နေခဲ့တဲ့ ရွာထဲက အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၁၀ ယောက်ကို ဒီဇင်ဘာ ၁၀ ရက်အထိ လူသားဒိုင်းအဖြစ် ဓားစာခံ ဖမ်းဆီးထားတာလို့ ဆိုပါတယ်။

ဖလမ်းမြို့ကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေက မကြာခဏ ကြားဖြတ်တိုက်ခိုက်တာကြောင့် အရပ်သားတွေကို လူသားဒိုင်းကာအဖြစ် ဖမ်းခေါ်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က DVB ကို ပြောပါတယ်။

“ဖလမ်းကို ပြန်သိမ်းဖို့ ပြီးခဲ့တဲ့ လတွေကတည်းက စကစက စစ်ကြောင်းထိုးနေတာ မအောင်မြင်ဘူး ပြန်ပြန်လန်တာပဲ။ ကလေး-တီးတိန်းဘက်ကနေလည်း စစ်ကြောင်းပေါင်းပြီး ဒီလအစောပိုင်းမှာ စစ်ကြောင်းထိုးလာတယ်။ စစ်ကြောင်းထိုးလာတဲ့ တလျှောက်မှာလည်း တော်လှန်ရေး ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်တာတွေ ရှိတယ်။ အဲလို တိုက်ခံရမှာစိုးလို့ အရပ်သားတွေကို ဖမ်းထားတာ။ သူတို့လက်ထဲမှာ အရပ်သားတွေရှိနေရင် တော်လှန်ရေးအဖွဲ့တွေက မတိုက်ဘူး၊ တိုက်ရခက်သွားတာပေါ့။ ဒါကို စကစက သိလို့ တမင် လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားတာ။”

စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားတဲ့ သူတွေထဲမှာ ဦးနွန်ခေါသင်၊ ဦးစုခေါထန်း၊ မောင်ဆန်ခေါကိမ်း၊ မောင်ကိမ်းလမ်းတို့ ၄ ယောက်ရဲ့ နာမည်ကိုသာ သိရပြီး ကျန်သူတွေ ဘယ်သူဘယ်ဝါ ဆိုတာကို DVB က ဆက် စုံစမ်းနေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ နောက်ဆုံးအပတ်မှာ အင်အား ၅၀၀ ခန့်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းတခုက ကလေးမြို့ တောင်ဘက်ခြမ်းကနေ ချင်းပြည်နယ် ဖလမ်းမြို့နားအထိ တဖြည်းဖြည်း စစ်ကြောင်းထိုးနေတာပါ။

ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ်က အင်အားအများအပြား အသုံးပြုထားတဲ့ စစ်ကြောင်း ၂ ကြောင်းနဲ့ နှစ်ဖက်ညှပ်ပြီး စစ်ကြောင်းထိုးနေတာကို ချင်းတော်လှန်ရေးတပ်တွေက မကြာခဏ ကြားဖြတ်တိုက်ခိုက်နေတာကြောင့် စစ်ကြောင်းက ခရီးမပေါက်နိုင်ဘဲ ဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013