Home
မြန်မာသတင်း
ကော့ကရိတ်မြောက်ပိုင်းတွင် စစ်တပ်က စစ်ကြောင်းထိုးပြီး စစ်ရှောင် ၂၇ ဦးကို ဖမ်းဆီး
DVB
·
November 26, 2025

ကော့ကရိတ်မြောက်ပိုင်းက  ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲဖြစ်ပွားပြီး စစ်ရှောင် ၂၇ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။ 

နိုဝင်ဘာ ၂၃ ရက်နေ့ကစပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်မြောက်ပိုင်း၊ အောက်ဗိုလ်တဲလမ်းပိုင်း မှာရှိတဲ့ လှိုင်စိမ်းရွာ၊‌ ကောင်းမှု့ကျေးရွာဘက်ကို စစ်ကောင်စီက စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ပိတခထ့ကျေးရွာက ရာဘာခြံမှာ စစ်ဘေးရှောင်နေတဲ့ ဒေသခံ ၂၇ ယောက်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“ဘာကြောင့်ဖမ်းတာလဲဆိုတော့ ဒုက္ခပေးတာပဲပေါ့။ နောက် ဟိုလူကြောင့် ဒီလူကြောင့် ဆိုပြီတော့ အပြင်လူနဲ့ ဆက်သွယ်တယ်၊ ဘာတယ်ပေါ့။ PDF နဲ့ ဆက်သွယ်တယ်ပေါ့။ သဘောက အကူအညီပေးတယ်ပေါ့။ ဒါတွေလည်း ဖြစ်နိုင်တယ်။ အဲဒီသဘောပဲရှိမှာ။ သူတို့ခေါ်သွားတယ်ဆိုတော့ ပြောချင်တာက ဟိုဘက်ကိုပဲ အားပေးတယ်လိုပဲ သူတို့မြင်မှာပေါ့။ PDF နဲ့ဆက်သွယ်တယ်ထင်ပြီး သူတို့ ကာဗာယူပြီး သွားတဲ့ သဘောပေါ့။”

စစ်‌ကောင်စီက ကော့ကရိတ်မြို့အနီးက  ကျေးရွာတွေကို အပြည့်အဝ ပြန်လည် ထိန်းချုပ်နိုင်ဖို့နဲ့ နယ်မြေစိုးမိုးနိုင်ဖို့ စစ်မှုထမ်း တပ်သားသစ်တွေကို အင်အားဖြည့်တင်းပြီး တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ဗိုလ်ဘိအဖွဲ့၊ နယ်ခြားစောင့်တပ် (BGF) အကူအညီတွေနဲ့ စစ်ကြောင်းထိုးနေတာပါ။ ဒါ့အပြင် ဒေသခံတွေကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးပြီး လမ်းပြခိုင်းတာတွေရှိတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်ေ

စစ်ရှောင်အရေးကူညီပေးနေသူတယောက်က “တိုက်ပွဲလည်း ဖြစ်တယ်။ စစ်ကြောင်းလည်း ထိုးတယ်။ ဒီလိုမျိုး ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုရင်တော့ လူသားဒိုင်းအနေနဲ့ ပြန်လည်ဖမ်းဆီးလာပြီးတော့ မြို့ကို ပြန်ခေါ်လာတာလည်း ဖြစ်နိုင်တယ်။  သူတို့တွေ လမ်းတွေ ပျောက်မယ်၊ တိုက်ပွဲတွေ ဖြစ်မယ်။ သူတို့က ပစ(ပြည်သူ့စစ်မှုထမ်း)တွေများတယ်လေ။ တော မကျွမ်းဘူး၊ အတွေ့အကြုံ မရှိတဲ့အခါကျတော့ ရွာသားတွေကို ဓားစားခံ လုပ်ပြီးတော့မှ လမ်းပြခိုင်း၊ လမ်းပြခိုင်းပြီးတော့ ကော့ကရိတ်အထိ ဖမ်းဆီးခေါ်ဆောင်တာ” လို့ ပြောပါတယ်။ 

လက်ရှိမှာလည်း စစ်ကောင်စီ စစ်ကြောင်းတွေကို ကောင်းမှု၊ စောဟဲ၊ လှိုင်းစိမ်း၊ မိဖာလဲ၊ နောင်ကိုင်း ကျေးရွာတွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ 

ဒါ့အပြင် နိုဝင်ဘာ ၂၅ ရက်နေ့ ညနေ ၄ နာရီခွဲလောက်က ကော့ကရိတ်မြို့နယ်၊ သရက်တောကျေးရွာကို စစ်ကော်မရှင်က လေကြောင်းကနေ Y 21 လေယာဉ်နဲ့ ဗုံး ၁၀ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “မနေ့က Y 21 လေယာဉ် လာပတ်ပြီးတော့ ဒီသရက်တော ကျောင်းဘက်ကနေ သူပတ်ပြီးတော့ သူတို့ သတင်းရတဲ့နေရာကို ပစ်ချတယ်။ ၂ ပတ်၊ ၁ ပတ် ၅ လုံး၊ ၂ ပတ် ၁၀ လုံး ကြဲချတော့  အိမ် ၁ လုံးတော့ ထိခိုက်ပျက်စီးသွားတယ်။ ဒါပေမဲ့ အသေအပျောက်တော့ မရှိဘူး။ ကျောင်းကလည်း မလွှတ်သေးတော့ ကျောင်းသားတွေ ထွက်ပြေးတာလည်း ရှိ၊ ရှောင်ပြေးတာတွေလည်း ရှိတယ်။ စာသင်ကျောင်းက ကလေးတွေ၊ ရွာသူ ရွာသားတွေ ကတုန်ကျင်းထဲ အကုန်ဝင်ပြေးကြတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ကွီမောင်တိုင်၊ ထီဖိုးစံ၊ နောင်ကိုင်း ကျေးရွာချင်းဆက် လမ်းပေါ်က တံတား ၄ စင်းကို မိုင်းခွဲဖျက်ဆီးခဲ့တဲ့အပြင် ကျုံဒိုးမြို့ ခမရ ၅၄၅၊ ၅၄၆ ကနေ ဒရုန်း၊ လက်နက်ကြီး ပစ်ကူရယူပြီး ကျုံဒိုး၊ မြပတိုင်၊ ထီဖိုးစံလမ်းအတိုင်း လူ၊ လက်နက်ခဲယမ်း၊ ရိက္ခာတွေ နေ့တိုင်းလိုလို ဖြည့်တင်းနေပါတယ်။ 

အောင်ခန့် 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013