
တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့ဘက်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့ဆီက သိရပါတယ်။
တိုက်ခိုက်ရာမှာပါဝင်တဲ့ ရဲဘော်တယောက်က “ရမ်းဖိုရွာမှာ စစ်ကောင်စီတပ်က အင်အားလာဖြည့်တာ။ ခန့်မှန်း ၃၀ နီးပါးလောက်ရှိမယ်။ ကျနော်တို့ မိုင်းဆွဲတိုက်ခိုက်တာကြောင့် ၂ ဦးသေပြီး ၁ ဦး ထိခိုက်ဒဏ်ရာရတယ်။ စကစဘက်က သေနတ်တလက်ကျိုးသွားတယ်” လို့ ပြောပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေက ဇဝဲရွာအခြေစိုက် ခမရ ၅၅၆ တပ်ရင်းမှ တပ်သားတွေ ဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ရမ်းဖိုရွာအနီးဝန်းကျင်မှာ လမ်းကင်းယူပြီး မြိတ်-တနင်္သာရီကားလမ်းတလျှောက် ရိက္ခာနဲ့ စစ်ကူပို့တာတွေ မကြာခဏ ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
အဆိုပါ စစ်ကောင်စီရဲ့ ရိက္ခာကားနဲ့ စစ်ကူကားတွေကို ဒေသတွင်းမှာရှိတဲ့ ဗိုလ်ခရင်းတပ်ဖွဲ့၊ တနင်္သာရီပကဖ၊ မြိတ်ပကဖတို့က ရမ်းဖိုရွာအနီးနားဝန်းကျင်မှာ မကြာခဏ မိုင်းဆွဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။


