
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ တောင်ဘက် မန္တလေး-မုံရွာသွား ကားလမ်းမပေါ်မှာ နိုဝင်ဘာ ၂၀ ရက် မနက်က စစ်ကောင်စီကား ၂ စီး မိုင်းဆွဲခံရတယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။
အဆိုပါ စစ်တပ်ကားတန်းဟာ မုံရွာမြို့ကနေ မန္တလေးဘက်ကို ထွက်လာစဉ် အခုလို မိုင်းဆွဲခံရတာ လို့ သိရပါတယ်။
ခရီးသွားကား ယာဉ်မောင်းတယောက်က “အဆွဲခံရတဲ့နေရာက မအူရွာနဲ့ မုံရွေးရွာကြားမှာ အဆွဲခံရတာ။ စစ်ကား ၂ စီးကတော့ အတော်လေး ပျက်စီးတယ်။ အသေအပျောက်လည်း ရှိနိုင်တယ်ဗျ။ စစ်တပ်က သူတို့ကားတန်း မိုင်းဆွဲခံရပြီး ခရီသွားကားတွေနဲ့ ကုန်ကားတွေကို တားဆီးစစ်ဆေးပြီး မိုင်းဆွဲခံရတဲ့ကားတန်းကို ကြည့်ရှုခွင့်မပေးဘဲ အမြန် အမောင်းခိုင်းတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က မနက်ပိုင်းမှာ စစ်ကား ၄ စီးနဲ့ မန္တလေးမြို့ဘက်ကို သွားတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေး ရဲဘော်တယောက်က ပြောပါတယ်။
“စစ်တပ်က ဂျမ်ဘာကား ၂ စီး၊ ၁၂ ဘီးကား ၂ စီး စုစုပေါင်း ၄ စီး ထွက်လာတယ်လို့ ကြိုတင်သတင်းရလို့ ကျနော်တို့ ဆွဲမိုင်းဆွဲပြီး တိုက်ခိုက်ခဲ့တာဗျ။ ကား ၂ စီးကတော့ ပက်လက်လန်သွားတယ်။ အခု တခြားကား ၂ စီးကို ချောဆွဲပြီး မန္တလေးဘက် ထပ်မောင်းသွားတယ်။ ကျနော်တို့ မိုင်းက ၂ လုံးဆွဲ တိုက်ခိုက်ခဲ့တာဗျ။ အထိအခိုက် အသေအဆုံးကတော့ စုံစမ်းနေဆဲပါပဲ။”
အခုတိုက်ခိုက်မှုကို ဘိုဖြူလေးအဖွဲ့က မိုင်းဆွဲခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက် မနက် ၈ နာရီ ၅၃ မိနစ်ကလည်း ဆားလင်းကြီးမြို့နယ် ဝမ်ပေါင် ကုမ္ပဏီမှ ကြေးနီတွေ သယ်ဆောင်လာတဲ့ တွဲကား ၂၃ စီးပါ စစ်ကောင်စီ ယာဉ်တန်းနဲ့ လုံခြုံရေး လိုက်ပါခဲ့တဲ့ ယာဉ် ၆ စီးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က မုံရွာ-မန္တလေး လမ်းပိုင်းကနေ အခုလို ဗုံးခွဲ တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။


