
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ နိုဝင်ဘာ ၁၄ ရက် မနေ့ မနက်ပိုင်းက စစ်တပ်ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်သား ၆ ယောက်သေ၊ ၇ ယောက် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
စစ်တပ်ကားတွေဟာ မုံရွာမြို့ကနေ မန္တလေးဘက်ကို ထွက်လာတုန်း မနက် ၉ နရီလောက်က မုံရွေးရွာနားမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာလို့ မုံရွေးရွာသားတယောက်က ပြောပါတယ်။
“စစ်ကားတန်းကြီးက အများကြီးဗျာ။ ကျနော်ရေတွက်ထားတာက အစီး ၃၀ တောင်ရှိတာ။ အဲဒါကိုမိုင်းဆွဲခံရတာ။ ကျနော်တို့ မုံရွေးရွာနဲ့ ကြေးမုံရွာကြားမှာ အဆွဲခံရတာ။ စစ်ကား ၂ စီး ထိတယ်။ အထိအခိုက်တွေလည်း ရှိတယ်။ ကျနော်တို့လည်းကြောက်လို့ ဖြစ်တဲ့နေရာအနီးကနေ ထွက်ပြေးလာခဲ့တယ်” လို့ ပြောပါတယ်။
မိုင်းဆွဲခံရတဲ့နေရာမှာ ဖြတ်သန်းလာတဲ့ ဈေးသည် ၂ ယောက်လည်း ကျည်စထိမှန်ခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ သိရပါတယ်။
ချောင်းဦး ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တယောက်က “ဟုတ်တယ်ဗျ။ ကျနော်တို့ မိုင်း ၂ လုံး ဆွဲခဲ့တာဗျ။ စစ်ကား ၂ စီးထိတယ်။ ပထမအစီးက စစ်သား ၆ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိတယ်။ ဒဏ်ရာရတဲ့ စစ်သား ၇ ဦးကို ချောင်းဦး ဆေးရုံမှာ ဆေးကုသနေတယ်လို့ သိထားရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ မုံရွာ-မန္တလေးလမ်းပိုင်းကို လက်နက်ခဲယမ်းတွေသယ်ယူပြီး စစ်ရေးအရ အသုံးချနိုင်ဖို့ ကားလမ်းတလျှောက် စစ်ဆေးရေးဂိတ်တွေချနေတယ်လို့ သိရပါတယ်။


