Home
မြန်မာသတင်း
မုံရွာ နမခ အနီး စက်တပ်လေထီး ၁ စီး ပျက်ကျ
DVB
·
November 13, 2025
Photo: Burma Revolution Rangers

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အခြေစိုက်တဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အနီးမှာ နိုဝင်ဘာ ၁၁ ရက် ညနေ ၆ နာရီဝန်းကျင်က စက်တပ်လေထီးတစီး ပျက်ကျခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတယောက်က “အဲဒီနေ့ ညနေ ၅ နာရီလောက်မှာ နမခ ထဲကနေ စက်တပ်လေထီး ၂ စီး တက်သွားပြီး ၆ နာရီလောက်မှာ ပြန်ဆင်းလာတော့ တစီး ပျက်ကျတာ။ နမခ ဝင်းနားက အပြင်ဘက်မှာ ပျက်ကျတာ” လို့ ပြောပါတယ်။

ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ စစ်ကောင်စီ လက်အောက်ခံ အဆိုပါ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ထဲကနေ စက်တပ်လေထီးတွေ မကြာခဏ ပျံတက်တာတွေ ပြုလုပ်နေတာလို့လည်း ဆိုပါတယ်။

မုံရွာ ပကဖ တာဝန်ခံတယောက်က “ဖြစ်စဥ်ကတော့ မှန်ပါတယ်။ ၂ စီးတက်တာမှာ တစီးက မြို့နားကိုပတ်ပြီး ပြန်ဆင်းတယ်။ နောက် တစီးက ကနီဘက်သွားပြီး ပြန်ဆင်းတယ်။ မြို့နားကိုပတ်ပြီး ပြန်ဆင်းတဲ့အစီးက ပျက်ကျတယ်လို့ သိရတယ်။ ပျက်ကျတဲ့နေရာက နမခနဲ့ အရမ်းနီးနေတော့ မှတ်တမ်းပုံတွေ မရလိုက်ဘူး။ သူတို့တပ်ထဲကနေ ခပ်မြန်မြန်ပဲ လာသယ်သွားတယ်လို့ ယူဆရတယ်။ ပျက်ကျတဲ့ စက်တပ်လေထီး မောင်းတဲ့သူ သေတယ်၊ မသေဘူး ဆိုတာကိုတော့ အတည်ပြုနိုင်ဖို့ ဆက်ပြီး စုံစမ်းနေပါတယ်ဗျ” လို့ DVB ကို ပြောပါတယ်။

အဆိုပါ စက်တပ်လေထီး ပျက်ကျတာနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်တပ်ဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

စစ်ကောင်စီတပ်ဟာ အင်အားအများအပြားနဲ့ မုံရွာ-သာစည်လမ်းမှာ စစ်ရေးလှုပ်ရှားတာတွေအပြင် စစ်ကြောင်းထိုးတာတွေ ပြုလုပ်လာနေလို့ ဒေသခံတွေအနေနဲ့ သတိနဲ့ သွားလာနေထိုင်ကြဖို့နဲ့ အဆိုပါ မုံရွာ-သာစည်လမ်းကို နိုဝင်ဘာ ၅ ရက်ကနေ စတင်ပြီး ယာယီသွားလာခွင့် ပိတ်ပင်ထားတယ်လို့လည်း မုံရွာမြို့နယ် ပကဖ ဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013