
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ အောက်တိုဘာ ၂၇ ရက်က စစ်မှုထမ်းတပ်သားသစ် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။
မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “မုံရွာ ကျောက္ကာ ရွှေဂူနီ ဘုရားဝန်းထဲမှာ တပ်စွဲနေကြတဲ့ စစ်တပ်စခန်းထဲက ထွက်ပြေးလာကြသူတွေဖြစ်ပါတယ်။ သူတို့ ၂ ယောက်လုံးက အမှတ် ၂ တိုက်နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့နဲ့ချိတ်ဆက်ပြီးတော့ ကျနော်တိုဆီကို အလင်းဝင်လာကြသူတွေဖြစ်ပါတယ်” လို့ ပြောပါတယ်။
အဆိုပါ စစ်မှုထမ်းတပ်သားသစ် ၂ ယောက်ဟာ MA3 သေနတ် ၁ လက် နဲ့ MA11 သေနတ် ၁ လက်တို့နဲ့အတူ အလင်းဝင်ရောက်လာကြတာလို့ ဆိုပါတယ်။
မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလထဲမှာ ပေါ်တာဆွဲခံကြရပြီး စစ်သင်တန်းကနေ ရှေ့တန်းကို တန်းရောက်လာကြတာပါ။ နမခ ကနေ ကျောက္ကာရွှေဂူနီဘုရားဝန်းထဲကို အပို့ခံရတာပေါ့။ သူတို့ ၂ ယောက်မှာ တယောက်က အသက် ၃၅ ဝန်းကျင်နဲ့ နောက်တယောက်က အသက် ၄၀ လောက်ရှိပါပြီ။ နှစ်ယောက်လုံးကတော့ ဧရာဝတီတိုင်းထဲကပါ။ သူတို့တွေကတော့ မိသားစုဆီ ပြန်ဖို့ဆိုတာလည်း ခရီးက အရမ်းဝေးလွန်းပြီး နယ်မြေအခြေအနေက မကောင်းတာရယ်တွေကြောင့် ဒီဘက်က ကျနော်တို့ စိုးမိုးနယ်မြေထဲမှာပဲ အရပ်သားတွေအဖြစ် နေထိုင်သွားကြဖို့ စီစဥ်ပေးရမှာပါ။ သူတို့ကို စစ်ဆေးလိုက်တဲ့အခါမှာလည်း စစ်ရာဇဝတ်မှု ကျူးလွန်ထားတာ မရှိကြဘူး” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံတွေ တပ်စွဲထားတဲ့ ကျောက္ကာရွှေဂူနီဘုရားဟာ ရှေးဟောင်းသမိုင်းဝင် ဘုရားတဆူဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။
အာဏာသိမ်းစစ်တပ်လက်အောက်မှာ ကျန်ရှိနေကြသူတွေအနေနဲ့လည်း နီးစပ်တဲ့တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ အမြန်ဆုံးချိတ်ဆက်ပြီး အလင်းကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။


