
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ် ပေါက်ခေါင်း-အုတ်တွင်းအမြန်လမ်းမှာ စစ်ကား ၂ စီးအား ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကားတစီးချောက်ထဲထိုးကျပြီး စစ်သား ၁၁ ယောက် သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် တောင်ပိုင်တိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ (၂)၊ ပဲခူးတိုင်းစစ်ဌာန၊ ပြည်ခရိုင် တပ်ရင်း ၃၆၀၂ က မတ် ၂၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
မတ် ၂၅ ရက်ည ၁၀ နာရီ မိနစ် ၂၀ လောက်က ဘော်ဒါကျေးရွာနဲ့ ပေါ်လံကြီးကျေးရွာကြားမှာ မိုင်း ၅ လုံးဖောက်ခွဲပြီး လက်နက်ငယ်တွေနဲ့ပါ ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် အင်အား ၃၀ လောက်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ စစ်ကားတစီး ချောက်ထဲထိုးကျခဲ့တာလို့ ပြည်ခရိုင်တပ်ရင်း ၃၆၀၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star က DVB ကို ပြောပါတယ်။
“နောက်က စစ်ကားကို မိုင်းတွေထိသွားတာ၊ မိုင်းထိပြီး အပြန်အလှန် ၁၅ မိနစ်လောက် ပစ်ခတ်မှုဖြစ်သေးတယ်။ သူတို့ဘက်က လက်နက်ကြီး ၅ လုံးလောက်ပစ်တယ်၊ ကျနော်တို့ ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ပြန်ဆုတ်နိုင်ခဲ့တယ်။ မိုင်းထိပြီး ချောက်ထဲကျသွားတဲ့ကားပေါ်က စစ်သားတွေ ၁၁ ယောက်သေတယ်၊ ၁၂ ယောက်ဒဏ်ရာရသွားတယ်။”
ချောက်ထဲကျသွားတဲ့ စစ်ကားပေါ်မှ သေဆုံးဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မတ် ၂၆ ရက် မနက်မှာ ဖော်ကားတစီး၊ လိုက်ထရပ်တစီးတို့နဲ့ လာရောက်သယ်ယူသွားတယ်လို့ ရဲဘော် Red Star က ပြောပါတယ်။
“သေသွားတဲ့အထဲမှာတော့ အရာရှိတယောက်ပါတယ်တယ် ကြားတယ်၊ သေချာတော့မသိရဘူး။ ဒဏ်ရာရတဲ့ စစ်သားတွေတော့ ရွှေတောင် ကုတင် ၁၀၀ ဆေးရုံကိုပို့ထားတယ်။ ခုထိ အဲဒီနေရာမှာ စစ်သားတွေ လုံခြုံရေးချထားသေးတယ်။ စစ်ကားလည်း အပေါ်ကိုပြန်တင်ပြီး သယ်ယူဖို့လုပ်နေတယ်တဲ့၊ ချောက်က နက်တော့ အလွယ်တကူ သယ်မရဖြစ်နေတာ။”
အခု စစ်ဆင်ရေးအား ပြည်ခရိုင်တပ်ရင်း ၃၆၀၂ တပ်ခွဲ -၃ က ဆောင်ရွက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေေ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ စစ်ဆင်ရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရမှုအခြေအနေကို DVB က သီးခြားအတည်မပြုနိုင်သေးပါဘူး။
မတ် ၂ ရက် နေ့ကလည်း ထိုပေါက်ခေါင်း-အုတ်တွင်းအမြန်လမ်းအနီးမှာ တာဝါတိုင်စခန်းမှ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်ခရိုင်တပ်ရင်း ၃၆၀၂ မှ ရဲဘော်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက် သေဆုံးခဲ့သလို တော်လှန်ရေးရဲဘော်တယောက်လည်း ကျဆုံးခဲ့ပါတယ်။


